ကုလသမဂ္ဂရဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂီယာပက်ဒါဆင်က ဆီးရီးယားနိုင်ငံတွင်းမှာ ပဋိပက္ခသစ်တွေနဲ့ ပိုမိုပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ပြီးခဲ့တဲ့ မေလ ၂၁ ရက်မှာ သတိပေးခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂီယာပက်ဒါဆင်က အခုလို ပြောခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကြောင့် ဆီးရီးယားပြည်သူတွေရဲ့ ဘဝ ပိုမိုသက်သာချောင်ချိလာဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။တိုင်းရင်းသားမျိုးစုံရှိနေတဲ့ ဆီးရီးယားနိုင်ငံတွင်းမှာ အထိအခိုက်မခံတဲ့ အရေးကိစ္စတွေနဲ့ အကွဲအပြဲတွေ တိုးပွားလာမှုကို အရေးတကြီးဖြေရှင်းဖို့ လိုအပ်နေပြီလို့ အထူးကိုယ်စားလှယ်က အထူးပြုပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ အာလာဝိုက်လူနည်းစု နေထိုင်ရာဒေသတွေမှာ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ဧပြီလနှောင်းပိုင်းက ဒရုဇ်တိုက်ခိုက်ရေးသမားတွေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေအကြောင်းကို ဂီယာပက်ဒါဆင်က ထောက်ပြခဲ့ပါတယ်။ လက်ရှိမှာ ဆီးရီးယားပြည်သူ ၉၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေနေပြီး လူ ၁၆.၅ သန်းက အကာအကွယ်နဲ့လူသားချင်းစာနာမှု အထောက်အပံ့တွေ လိုအပ်နေပါတယ်။ဒါ့အပြင် လူ ၃ သန်းနီးပါးဟာ အစာအာဟာရမလုံလောက်မှုကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။