ယူကရိန်းနိုင်ငံ ရုရှားထိန်းချုပ်ရာ ဒွန်းညက်စ်ဒေသ၊ ဟရာဘို့ဗ်အနီးမှာ မလေးရှားလေကြောင်းလိုင်း MH17 လေယာဉ်ပျက်ကျမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူတွေက အမှတ်တရပန်းတွေ ချခဲ့ကြပါတယ်။

လေယာဉ်ပျက်ကျမှုရဲ့ မျက်မြင်သက်သေ ဒေသခံအမျိုးသမီးတစ်ယောက်က လေယာဉ်ပျက် ကျတဲ့နေ့က ပေါက်ကွဲမှုလှိုင်းဟာ အိမ်ထဲက ရေချိုးခန်းမှန်ကို ကွဲသွားစေပြီး ကားဂိုဒေါင် သတ္တုတံခါးလည်း ပိတ်သွားစေကာ မှိုပွင့်ကြီးပမာ မီးခိုးလုံးကြီး တွေ့ခဲ့ရတယ်လို့ ပြန်ပြောင်းပြောပြပါတယ်။

မိုးပေါ်ကနေ အလောင်းတွေ ပြုတ်ကျလာတယ်လို့လည်း ပြောပြခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၇ ရက်က အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ MH17 လေယာဉ်ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့သူပုန်တွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် ထိမှန်ပျက်ကျခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးမှူးတွေက ပြောခဲ့ပါတယ်။

လေယာဉ်ပေါ်လိုက်ပါလာတဲ့ လူ ၂၉၈ ယောက်စလုံး သေဆုံးခဲ့ပြီး သုံးပုံ နှစ်ပုံက ဒတ်ခ်ျလူမျိုးတွေ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ အထောက်အထားတွေ စုဆောင်းပြီးနောက် ဒတ်ခ်ျ ဦးဆောင်တဲ့ နိုင်ငံတကာ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က MH17 အရပ်ဘက်လေယာဉ်ကို ထိမှန်ခဲ့တဲ့ ဒုံးကျည်ဟာ ရုရှားစစ်အခြေစိုက်စခန်းတစ်ခုကနေ နယ်စပ်ဖြတ်ကျော် လာခဲ့တာလို့ ပြီးခဲ့တဲ့နှစ်က ပြောဆိုခဲ့ပါတယ်။ ရုရှား ကတော့ အရပ်ဘက်လေယာဉ်ကို ပစ်ချမှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။