လော့စ်အိန်ဂျယ်လိစ်တောမီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ မီးသတ်သမားတွေဟာ နောက်ထပ် လေပြင်း တိုက်ခတ်လာမဲ့ရန်ကို ရင်ဆိုင်နေရပြီး နေရာသုံးနေရာမှာ တောမီးတွေ ဆက်လက် လောင်ကျွမ်းနေပါတယ်။

ပယ်လီဆေ့ဒ်ဒေသက တောမီးကို (၁၄)ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီး ဒုတိယအကြီးဆုံးတောမီးဖြစ်တဲ့ အီတန် တောမီးကိုတော့ (၃၃)ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တယ်လို့ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။ LA မြို့တော်ဝန် ကယ်ရန်ဘတ်စ်က ဟာရီကိန်းပြင်းအားလောက်ရှိတဲ့ လေပြင်းတွေ တိုက်ခတ်ဖို့ရှိနေတဲ့အတွက် အဲဒီလေပြင်းတွေနဲ့အတူ နောက်ထပ် တောမီးအသစ်တွေ မပေါ်ပေါက်ခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ အပူတပြင်း လုပ်နေကြောင်း ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကြွေလွင့်ဆုံးရှုံးခဲ့ရတဲ့ အပြစ်ကင်းတဲ့ သေဆုံးသူ (၂၄)ယောက်အတွက် နာကျင်ရကြောင်း ပြောပါတယာ်။ LA တောမီးလောင်ကျွမ်းမှုအတွင်း လုယက်မှုတွေကျူးလွန်မှုနဲ့ လူ(၉)ယောက် ကို ဖမ်းဆီးထားရကြောင်းလည်း LA ခရိုင် ရှေ့နေ နာသန် ဟော့မန်းက ပြောပါတယ်။