အိန္ဒိယနိုင်ငံ အမ်ဟမ်ဒါဘတ်လေဆိပ်ကနေ ပျံတက်ပြီး တစ်မိနစ်အတွင်းမှာ ပျက်ကျခဲ့တဲ့ ခရီးသည်တင် ဘိုးရင်း 787-8 ဒရင်းလိုင်နာ လေယာဉ်ကြီးကြောင့် သေဆုံးသူ ၂၄၀ ကျော် ရှိလာကြောင်း Reuters သတင်းမှာ ဖော်ပြပါ တယ်။ ခရီးသည် ၂၄၂ ယောက် လိုက်ပါလာတဲ့ အဲဒီ လေယာဉ်ပျက်ကျတာမှာ အသက်ရှင်ကျန်ရစ်သူ ခရီးသည် တစ်ယောက်သာ ရှိတယ်လို့ ရဲကော်မရှင်နာမင်းကြီး ဂျီအက်စ် မာလစ်ခ်က ပြောပါတယ်။

အဲဒီလေယာဥ်မှာ လေယာဥ်မှူး နှစ်ယောက်၊ လေယာဥ်အမှုထမ်း ၁၀ ယောက် အပါအဝင် ခရီးသည် ၂၄၂ ယောက် လိုက်ပါသွားတာ ဖြစ်ပါတယ်။ ဇွန် ၁၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ အိန္ဒိယအနောက်ပိုင်း အမ်ဟမ်ဒါဘတ်မြို့ လေဆိပ်ကနေ ဗြိတိန်နိုင်ငံ ဂက်ဝစ် လေဆိပ်ကို ပျံသန်းခဲ့တဲ့ အဲအိန္ဒိယ လေယာဥ်ဟာ စတင်ပျံတက်ပြီး မကြာခင်မှာပဲ ပျက်ကျခဲ့တာပါ။

တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်သူမှာ အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသားဖြစ်ပြီး လက်ရှိ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ လေကြောင်းလိုင်းက အတည်ပြုခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေ အပါ အဝင် သေဆုံးသူအရေအတွက် အတိအကျကို ကျွန်တော်တို့ စစ်ဆေးနေဆဲပါလို့ ပြည်နယ်ရဲအရာရှိတစ်ယောက် က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။