အိန္ဒိယရဲ့ အမေရိကန်ဒေါ်လာဘီလီယံ ၈၀ သုံးပြီး ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ အသစ်တွေ တည်ဆောက်မယ့် အစီအစဉ်မှာ ရေပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယဟာ နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ၂၀၃၂ ခုနှစ် မတိုင်ခင်မှာ ကျောက်မီးသွေး စွမ်းအင်နဲ့ ၈၈ မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်ဖို့ ရည်ရွယ်ထားပေမယ့် ရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာ ကြောင့် ခရီးမတွင် ဖြစ်နေတာပါ။

လတ်တလော အစီရင်ခံစာတွေအရ အဲဒီကျောက်မီးသွေးစွမ်းအင်နဲ့လျှပ်စစ်ထုတ်မယ့်စီမံကိန်း ၄၄ ခု အနက် ၃၇ နေရာဟာ ဒေသတွင်းရေရှားပါးတဲ့ဇုန်တွေမှာ တည်ထားတယ်လို့ သိရပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ လိုအပ်ချက်အရ ဒေတာစင်တာတွေအတွက် စွမ်းအင်တွေ ပိုမိုလိုအပ်လာတာနဲ့အမျှ ဒေသ တွင်း ရေအရင်းအမြစ်တွေဆီကနေ ထုတ်ယူသုံးစွဲမှုတွေ ပိုများလာနေပါတယ်။အိန္ဒိယအနောက်ပိုင်း ဆိုလာပူလ်မြို့မှာ ရေအခက်အခဲ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး ဒေသခံတွေဟာ တစ်ခါတလေ ရေပိုက်ခေါင်းကနေ ရေရရှိဖို့ တစ်ပတ်နီးပါး စောင့်ဆိုင်းနေကြရပါတယ်။ ပြဿနာရဲ့ အဓိကအကြောင်းရင်းကတော့ အစိုးရပိုင် NTPC ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံဟာ ရေလှောင်ကန် က ရေကို မြို့ခံတွေနဲ့အတူ ခွဲဝေသုံးစွဲနေတာကြောင့် ဖြစ်ပါတယ်။ NTPC စက်ရုံမှာ အသုံးပြုနေတဲ့ ရေပမာဏရဲ့ ၉၈ ရာခိုင်နှုန်းကျော်ကို ရေရှားပါးတဲ့ဒေသတွေကနေ ရယူနေတာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး ရေအလွန်အမင်းရှားပါးလာတာကြောင့် ကျောက်မီးသွေးစက်ရုံတွေ ပိတ်ခဲ့ရပြီး အိန္ဒိယဟာ ကီလိုဝပ်နာရီပေါင်း ဘီလီယံ ၆၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ ရေရှားပါးတဲ့ဒေသတွေမှာ ကျောက်မီးသွေးစက်ရုံတွေ ဆက်လက်တည်ဆောက်တာက စက်မှုလုပ်ငန်းနဲ့ ဒေသခံတွေအကြား နက်ရှိုင်းတဲ့ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ပြီး စနစ်တကျ ကိုင်တွယ်မဆောင်ရွက်နိုင်ရင် အိန္ဒိယရဲ့စီးပွားရေး ကို ထိခိုက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။