အိန္ဒိယမှာ မုတ်သုံရာသီဝင်ရောက်ချိန် ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် နိုင်ငံအရှေ့မြောက်ပိုင်းမှာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၁ ရက်က ပြောကြားလာတာကို The India Times သတင်းမှာ ရေးသားထားပါတယ်။ အာသံပြည်နယ် ဂူဝါဟာတီမြို့မှာ မြေပြိုလို့ လူ ၅ ယောက်သေဆုံးပြီး တရုတ်နယ်စပ်အနီးက အာရာနာချယ်ပရာဒေ့ရှ် ပြည်နယ်မှာလည်း ရေထဲ ကားမျောသွားလို့ လူ ၇ ယောက် သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ၂ ယောက် ရေနစ်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မီဇိုရမ်၊ တြိပူရနဲ့ မီဟာလာယာပြည်နယ်တွေမှာလည်း မိုးများပြီး ရေကြီးမြေပြိုတာတွေကြောင့် လူ ၈ ယောက် သေဆုံးခဲ့တယ်။ တစ်ချိန်နည်းမှာပဲ အာသံပြည်နယ်မှာ ဓာတ်လိုက်တဲ့ အန္တရာယ်လျော့ချဖို့ ဧရိယာတော်တော်များများကို လျှပ်စစ်မီးပြတ်တောက်ထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ မိုးသည်းသည်းထန်ထန် ဆက်လက်ရွာသွန်းနေတာကြောင့် အာသံပြည်နယ် မြို့တော် ဂူဝါဟာတီရဲ့ မြို့ဧရိယာတွေ ရေနစ်မြုပ်နေပြီး လျှပ်စစ်မီးပြတ်တောက် နေပါတယ်။ စာသင်ကျောင်းတွေ ပိတ်ထားရမယ့် အခြေအနေ ဆိုက်နေ ပါတယ်။ ရာသီဥတုမမှန်တာနဲ့ ကမ္ဘာကြီးပူနွေးလာတာကြောင့် မုတ်သုံရာသီတွေဟာ ပိုမိုအပြောင်းအလဲ မြန်လာ ပြီး အိန္ဒိယရဲ့ ဟိမဝန္တာမြောက်ပိုင်းမှာ မြေပြိုတာနဲ့ ရုတ်တရက်ရေကြီးတာတွေကို မကြာခဏ ဖြစ်ပေါ်စေတယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပြုထားကြပါတယ်။