အိန္ဒိယနိုင်ငံ ဘန်ဂါလူရူက ခရစ်ကက်အားကစားကွင်း အပြင်ဘက်မှာ မနေ့က ဇွန်လ ၄ ရက်က မြို့ခံအသင်း အနိုင်ရတဲ့အတွက် အောင်ပွဲခံ အခမ်းအနားပြုလုပ်ခဲ့ရာ လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Indian Premier League (IPL)ဖလား ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ Royal Challengers Bengaluru (RCB) က Punjab Kings အသင်းကို အနိုင်ရခဲ့တာပါ။ အောင်ပွဲခံချီတက်ပွဲကို ပရိသတ် ၂ သိန်းလောက်အထိ လာရောက်ခဲ့ပြီး လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့ကာ လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ပွဲအနိုင်ရပြီးနောက် ကွင်းအပြင်ဘက်မှာရှိတဲ့ လူအုပ်ကြီးက အားကစားကွင်းထဲ ဝင်ရောက်ဖို့ ကြိုးပမ်းကြရာကနေ အခုလိုဖြစ်ရပ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ခရစ်ကက်အားကစားကွင်းဟာ ပရိသတ် ၃ သောင်းခွဲခန့်သာ ဆံ့တဲ့ကွင်းဖြစ်ပြီး ပရိသတ် ၂ သိန်းလောက်အထိ အောင်ပွဲခံအခမ်းအနားကို တက်ရောက်ခဲ့ရာမှာ လူအုပ်ကြီးကို ထိန်းမနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။ပြည်နယ်ဝန်ကြီးချုပ်က အခုလိုကြေကွဲဖွယ် အသက်ဆုံးရှုံးမှုတွေကြောင့် အလွန်တုန်လှုပ်ဝမ်းနည်းရကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဝမ်းနည်းကြောင်းပြောခဲ့သလို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပွဲစီစဉ်မှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။