လွန်ခဲ့တဲ့လေးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုတွေဖြစ်ပွားခဲ့တဲ့အတွက် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသမှာ အနည်းဆုံး လူ ၃၄ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန်လ ၂ရက်နေ့မှာပြောကြားခဲ့ပြီး မိုးလေဝသဌာနကလည်း မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရထုတ်ပြန်ချက်အရ ဇွန်လ ၂ရက်နေ့မှာ ဟိမဝန္တာတောင်တန်းဒေသဖြစ်တဲ့ ဆစ်ကင်ပြည်နယ်မှာပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ခရီးသွားတွေကို ကယ်ဆယ်နေရပြီး မက်ဟာလာယာဒေသက ရေကြီးနေတဲ့နေရာတွေမှာ ပိတ်မိနေတဲ့ လူ ၅၀၀ ကျော်ကိုကယ်ဆယ်ဖို့ တပ်မတော်ကယ်ဆယ်ရေး အဖွဲ့တွေကိုလည်း စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဇွန်လ ၁ ရက်နေ့က အရှေ့မြောက်ပိုင်းရှိ ဆီလက်ခရိုင်မှာမြေပြိုမှုကြောင့် မိသားစုဝင် ၄ ဦးအနည်းဆုံးသေဆုံးခဲ့ပြီး တောင်တန်းဒေသများဖြစ်တဲ့ ရန်ဂမာတီ၊ ဗန်ဒါဘန်နဲ့ ခါဂရာချာရီခရိုင်တွေမှာလည်း ကယ်ဆယ်ရေးစခန်းတွေရာနဲ့ချီပြီးဖွင့်လှစ်ပေးထားပါတယ်။ အာဏာပိုင်တွေက နောက်ထပ်မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပြီး အန္တရာယ်ရှိနိုင်တဲ့ဒေသတွေမှာ နေထိုင်သူတွေကို သတိနဲ့နေကြဖို့တိုက်တွန်းထားတယ်လို့ The Straitstimes သတင်းဌာနမှာ ဖော်ပြထားပါတယ်။