သဘောထားကွဲလွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား နယ်ခြားမျဉ်းတစ်လျှောက် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ နယူးဒေလီစစ်တပ်က ဧပြီလ ၂၉ ရက်မှာ ပြောခဲ့တာကို AFP သတင်းမှာ ဖော်ပြ ပါတယ်။ခရီးသွားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုအပြီး တစ်ပတ်အကြာမှာ နှစ်နိုင်ငံ ဆက်ဆံရေးက ထိန်းသိမ်းလို့ မရတဲ့အခြေအနေ ဖြစ်သွားခဲ့ပြီး နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်နေတာ ၅ ရက်ဆက်တိုက် ရှိနေပြီလို့ သိရပါတယ်။

ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်က ပါကစ္စတန်စစ်တပ်ကနေ နယ်ခြားမျဉ်းတစ်လျှောက် အကြောင်းမဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီး အိန္ဒိယစစ်တပ်အနေနဲ့ အဲဒီရန်စမှုတွေကို ချင့်ချိန်ကာ ထိထိရောက်ရောက် တုံ့ပြန်ခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်ဘက်ကတော့ အဲဒီအကြောင်းကို အတည်ပြုထားတာ မရှိသေးပါဘူး။အဲဒီအခြေအနေတွေကြောင့် အိန္ဒိယက နိုင်ငံထဲကို ရောက်ရှိနေတဲ့ ပါကစ္စတန်တွေကို ဧပြီလ ၂၉ ရက် နောက်ဆုံးထားပြီး ထွက်ခွာဖို့ ပြောကြားခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ ရန်လိုတဲ့ ထုတ်ပြန်ချက် တွေကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်နေပါတယ်။