အိန္ဒိယဟာ ပါကစ္စတန်နိုင်ငံကအုပ်ချုပ်နေတဲ့ ကက်ရှ်မီးယားရှိ နေရာ ၉ နေရာကို မေလ ၇ ရက် ဗုဒ္ဓဟူးနေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ ဒါကို ပါကစ္စတန်ဘက်ကနေ ပြန်လည် တုံ့ပြန်ဖို့ ပြင်ဆင်နေပြီး ကြာရှည်စွာရှိနေခဲ့တဲ့ပြိုင်ဘက်နိုင်ငံတွေကြားမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး တိုက်ပွဲဖြစ်လာတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့လက ကက်ရှ်မီးယားမှာ ဟိန္ဒူခရီးသွားတွေ အသတ်ခံရပြီးနောက် တင်းမာမှု တွေ မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ လူပေါင်း ၂၆ ယောက် သေဆုံးခဲ့ပြီး ဆယ်စုနှစ် နှစ်ခုနီးပါးအတွင်း အိန္ဒိယမှာ အရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သုံးသပ်ချက်တွေအရ အိန္ဒိယမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားဦးရေက ပါကစ္စတန်နိုင်ငံထက် နှစ်ဆကျော်ရှိတယ်လို့ သိရပါတယ်။