အိန္ဒိယနဲ့ပါကစ္စတန်ကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဥရောပကိုသွားမယ့် ဒါမှမဟုတ် ဥရောပကနေလာမယ့် လေယာဉ်တွေကို ခရီးစဉ်ပြောင်းတာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ လုပ်ခဲ့ရတယ်လို့ CNA သတင်းမှာ ဖော်ပြထား ပါတယ်။ပါကစ္စတန်လေပိုင်နက်ကို ရှောင်ရှားဖို့ ခရီးစဉ် ၂၄ ခုကျော် လမ်းလွှဲမောင်းခဲ့ရတဲ့အပြင် ပါကစ္စတန်ကို သွားမယ့် ဒါမှမဟုတ် ပါကစ္စတန်ကလာမယ့် လေကြောင်းခရီးစဉ် ၅၂ ခုကိုလည်း ဖျက်သိမ်းခဲ့ရတယ်လို့ FlightRader24 ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယနဲ့ပါကစ္စတန်တို့ တိုက်ပွဲဖြစ်နေတဲ့ လေပိုင်နက်ကို ရှောင်ရှားဖို့ လုံခြုံရေးအရ ဥရောပကို အသွားအပြန် လုပ်မယ့်ခရီးစဉ်တွေကို ပြန်လည်စီစဉ်ခဲ့ရတယ်လို့ တရုတ်တိုင်ပေလေကြောင်းလိုင်း EVA Air က ပြောပါတယ်။ကိုရီးယားလေကြောင်းလိုင်းဖြစ်တဲ့ Korean Air ဟာလည်း ဆိုးလ်/အင်ချွန်းကနေ ဒူဘိုင်းကို သွားမယ့်လေယာဉ်တွေကို ပါကစ္စတန်လေပိုင်နက်ကိုရှောင်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ ဘက်ကနေ မောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ထိုင်းလေကြောင်းလိုင်း Thai Airways ကလည်း ဥရောပနဲ့အာရှတောင်ပိုင်းကိုသွားမယ့် ခရီးစဉ်တွေအတွက် လမ်းကြောင်းပြောင်းလဲမှုတွေ လုပ်ခဲ့ရတာကြောင့် ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။