အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီက ရထားဘူတာရုံမှာ ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာ ရခဲ့တယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီး ၁၀ ဦးအထိ ပါဝင်ပါတယ်။

ဒီလူအုပ်ကြီးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပရာယာဂရက် (Prayagraj) မြို့မှာ ပြုလုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ဟိန္ဒူဘာသာရေးပွဲတော် မဟာကုမ် (Maha Kumbh) ကို သွားရောက်ဖို့ ဘူတာမှာတိုးဝှေ့နေတာ ဖြစ်ပါတယ်။ဖေဖော်ဝါရီ ၁၅ ရက်ညက ရထားနှစ်စင်းဟာ အနည်းငယ်နောက်ကျခဲ့ပြီးနောက် လူအုပ်ကြီးဟာ ရထားပေါ်တက်နိုင်ဖို့အတွက် အပြိုင်အဆိုင် လုပ်ကြရင်း အခုလို လူအုပ်ပိမှု ဖြစ်ပွားခဲ့တာလို့ နယူးဒေလီရဲဌာရဲ့ လက်ထောက်ရဲမှူးက အိန္ဒိယ ANI သတင်းကို ပြောပါတယ်။
ရထားဘူတာမှာ အခြေအနေက ၁၀ မိနစ် ၁၅ မိနစ်လောက်အထိ ထိန်းသိမ်းလို့မနိုင်တဲ့ အခြေအနေ ဖြစ်ပွားခဲ့တယ်လို့ လက်ထောက်ရဲမှူးက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက သေဆုံးသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောခဲ့ပြီး ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်ကလည်း ၄၅ရက်ကြာ ကျင်းပတဲ့ မဟာကုမ် (Maha Kumbh) ဘာသာရေးပွဲအတွင်းမှာ လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးပြီး ၆၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။အိန္ဒိယ အာဏာပိုင်တွေက နောင်မှာ ဒီလိုဖြစ်ရပ်တွေကို ရှောင်လွှဲနိုင်ဖို့အတွက် တင်းကျပ်တဲ့ လူစုလူဝေးထိန်းချုပ်ရေး စည်းမျဉ်းတွေကို ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။