Huawei နည်းပညာကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး သုံးခေါက်ချိုးနိုင်တဲ့ နောက်ဆုံးပေါ် နည်းပညာသုံး စမတ်ဖုန်း တစ်လုံးကို စက်တင်ဘာ ၁၀ ရက်က ထုတ်ဖော်ပြသခဲ့ပါတယ်။

Apple က iPhone အသစ်ကို ပွဲထုတ်ပြီးနောက် နာရီပိုင်းအကြာမှာ Huawei က သုံးခေါက်ချိုးဖုန်း Mate XT ကို ထုတ်ပြခဲ့တာပါ။ အခြေခံတန်ဖိုး ဒေါ်လာ ၂၈၀၀ သတ်မှတ်ထားတဲ့ Mate XT မော်ဒယ်ကို အနီရောင်၊ အနက်ရောင်တွေနဲ့ ထုတ်လုပ်ထားပြီး မျက်နှာပြင် ၁၀ ဒသမ ၂ လက်မ ရှိပါတယ်။

အနံ ၃ ဒသမ ၆ မီလီမီတာနဲ့ ကမ္ဘာ့အပါးလွှာဆုံး မျက်နှာပြင် ခေါက်နိုင်တဲ့ဖုန်း ဖြစ်ပြီး အိတ်ကပ်ထဲမှာ အံဝင်ခွင်ကျဖြစ်မယ့် ကီးဘုတ် ပူးတွဲပါရှိပါတယ်။ တန်ဖိုး ဒေါ်လာ ၂၈၀၀ က 256 gigabyte ပါတဲ့ အခြေခံမော်ဒယ်ရဲ့ဈေးဖြစ်ပြီး ပိုမိုမြင့်မားတဲ့ မှတ်ဉာဏ်တွေနဲ့ဆို ဈေးပိုများမှာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ဝက်ဘ် ဆိုက်အရ အဲဒီ သုံးခေါက်ချိုး ခေါက်ဖုန်းဟာ ကြိုတင်မှာယူမှု လေးသန်းကျော် လက်ခံရရှိထားပြီး ဖြစ်တယ် ဆိုပါတယ်။ မျက်နှာပြင် ခေါက်နိုင်တဲ့ ဖုန်းတွေအတွက် ကမ္ဘာ့ဈေးကွက်တစ်ခုလုံးဟာ ဒုတိယသုံးလပတ်မှာ အလုံးရေ ၄ သန်းဝန်းကျင် ရှိတယ်လို့ သုတေသနကုမ္ပဏီ IDC က ပြောဆိုထားပါတယ်။