အင်ဒိုနီးရှား ဆိုင်ကယ်တက္ကစီ ယာဉ်မောင်း ၁၀၀၀ ကျော်ဟာ ဂျကာတာမြို့တော်က ဆက်သွယ်ရေးဝန်ကြီးဌာန အပြင်ဘက် နည်းပညာကုမ္ပဏီ GoTo နဲ့ အငှားယာဉ်နဲ့ အစားအသောက်ပို့ဆောင်ရေးကုမ္ပဏီ Grab တို့ရဲ့ ရုံးတွေ အနီးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဩဂုတ်လ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ လစာနည်းပါးမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ကုမ္ပဏီတွေရဲ့ တရားမျှတမှု မရှိတဲ့ ကျင့်ထုံးတွေကနေ ပိုမိုအကာအကွယ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ကမ္ဘာ့အဆိုးရွားဆုံး ယာဉ်ကြောပိတ်ဆို့မှုတချို့နဲ့ လူသိများတဲ့ မြို့တော်ဂျကာတာ အပါအဝင် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဆိုင်ကယ်တက္ကစီတွေ နေရာအနှံ့ ရှိနေပြီး ဆန္ဒထုတ်ဖော်မှုတွေကြောင့် နှေးကွေးတဲ့ ဝန်ဆောင်မှုတွေ ဖြစ်စေတယ်လို့ လူမှုမီဒီယာမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဆိုင်ကယ်ယာဉ်မောင်းတွေက ခရီးစဉ် တိုင်းအတွက် ရရှိနေတဲ့ ယာဉ်စီးခရဲ့ ၈၀ ရာခိုင်နှုန်းထက် ပိုမိုရရှိဖို့ ညှိနှိုင်းနိုင်တဲ့ အခွင့်အာဏာရရှိရေးကို လိုလား ကြတယ်လို့ သိရပါတယ်။
ယာဉ်မောင်းတစ်ယောက်က နေ့စဉ် ၁၀ နာရီ အလုပ်လုပ်ပေမယ့် နေ့အများစုမှာ ၁၀ ဒေါ်လာထက် နည်းပါးတဲ့ ရူပီယာငွေသာ ရတယ်လို့ ပြောပါတယ်။
သူ့ဝင်ငွေဟာ ဂျကာတာရဲ့ လစဉ်အနိမ့်ဆုံး လုပ်ခ ဒေါ်လာ ၃၂၄ ဒသမ ၅ အောက် ရောက်နေပါတယ်။
GoTo နဲ့ Grab တို့ဟာ အရှေ့တောင်အာရှနိုင်ငံ အများအပြားမှာ ကားငှားစီးမှု၊ အစားအသောက်ပို့ဆောင်မှုနဲ့ တခြားဝန်ဆောင်မှုတွေ ပေးအပ်ထားပြီး ပေါင်းစပ် ဈေးကွက်အရင်းအနှီးဟာ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံလောက် ရှိပါတယ်။