LGBTQ+ တွေကို ပစ်မှတ်ထားဆန့်ကျင်တဲ့ ဟန်ဂေရီဥပဒေပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂနိုင်ငံ အများအပြားက ဖိအားပေး ပြောဆိုလာတာကို မေလ ၂၆ ရက်က Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဟန်ဂေရီဟာ LGBTQ+ လူတန်းစားတွေကို ခွင့်မပြု သဘောမတူဘဲ လိင်အမျိုးအစား နှစ်မျိုးဖြစ်တဲ့ အမျိုးသား နဲ့ အမျိုးသမီး နှစ်မျိုးတည်းကိုသာ အသိအမှတ်ပြုကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း က ထည့်သွင်းပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် LGBTQ+ ကို အသိအမှတ်မပြုတဲ့ ဟန်ဂေရီဥပဒေပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေက ကြေညာချက်တစောင် ထုတ်ပြန်ဖို့ ဆောင်ရွက်နေတယ်လို့ ဥရောပကော်မရှင်က ပြောထားပါတယ်။အဲဒီကြေညာချက်ကို မေလ ၂၇ ရက်မှာ ထုတ်ပြန်မှာဖြစ်ပြီး ပုံမှန်ကြားနာပွဲမတိုင်ခင်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေက ဝန်ကြီးတွေဟာ ဟန်ဂေရီရဲ့ လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်မှုအန္တရာယ်ကို ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်ကတည်းက အာဏာရလာတဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ အစိုးရအဖွဲ့က ဒီမိုကရေစီ စံနှုန်းတွေ၊ လူနည်းစုအခွင့်အရေးတွေ၊ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ အကြိမ်ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အခုလည်း LGBTQ+ ကို ဆန့်ကျင့်တဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများအပြားက ဖိအားပေး ပြောဆိုလာတာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။