ဥရောပသမဂ္ဂ(အီးယူ)နဲ့ ဗြိတိန်နိုင်ငံတို့ဟာ ဇွန်လ ၁၁ ရက်နေ့က ဂျီဘရော်တာနယ်စပ်ကုန်သွယ်ခွင့်နဲ့ ခရီးသွား လာခွင့်အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း AP သတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ ၂၀၂၀ ပြည့်နှစ်က နုတ်ထွက်ခဲ့ပြီး ဂျီဘရော်တာနယ်စပ်ကိစ္စနဲ့ပတ်သက်လို့ ဥရောပ သမဂ္ဂနဲ့ ကျေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒီသဘောတူညီချက်ဟာ ဘရက်ဇစ်နောက်ပိုင်း ကျန်ရှိနေတဲ့ အကြီးမားဆုံး ပြဿနာကို ဖြေရှင်းလိုက်နိုင်တာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် သဘောတူညီချက်ဖြစ်ပြီး ဗြိတိန်နဲ့စပိန်ရဲ့ ဆက်ဆံရေးအတွက် နိဒါန်းသစ်တစ်ခု ဖြစ်တယ်လို့ လည်း စပိန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ဒီသဘောတူညီချက်ကို စပိန်နဲ့ဗြိတိန်လွှတ်တော်တွေကနေ တရားဝင်အတည်ပြုပေးပြီးတဲ့အခါ စပိန်နဲ့ ဂျီဘရော် တာအကြား လူအဝင်အထွက်နဲ့ ကုန်သွယ်မှုလုပ်နိုင်ဖို့ ပိတ်ဆို့တားဆီးထားတာတွေကို ဖယ်ရှားပေးမှာ ဖြစ်တယ် လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဥရောပသမဂ္ဂရဲ့လွတ်လပ်စွာသွားလာနိုင်တဲ့ခရီးသွားဇုန်နဲ့ ကုန်သွယ်ရေးဇုန်ကို ထိန်းသိမ်းနိုင်ဖို့ အဝင်အထွက် စစ်ဆေးတာတွေကို ဂျီဘရော်တာလေဆိပ်နဲ့ ဆိပ်ကမ်းမှာ ဗြိတိန်နဲ့ စပိန် နယ်စပ်စစ်ဆေးရေးအရာရှိတွေက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဂျီဘရော်တာမှာ နေထိုင်သူတွေ တစ်ဝက်နီးဟာ နေ့စဉ် နယ်စပ် ဖြတ်သန်းမှုတွေ လုပ်နေကြပြီး သဘောတူညီချက်မရှိရင် ဥရောပသမဂ္ဂရဲ့စည်းမျဉ်းအရ ဖြတ်သန်းသွားလာမဲ့ လူတိုင်းကို ပတ်စ်ပို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်။