အီကွေဒေါနိုင်ငံ အက်စ်မရဲလ်ဒါပြည်နယ်ရှိ အကြီးဆုံး ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေကပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မီးလောင်မှုကြောင့် တစ်နေ့ ကို စည်ပေါင်း ၁၁၀,၀၀၀ (bpd) သန့်စင်ပေးနိုင်တဲ့စက်ရုံမှာ လည်ပတ်မှုတွေ ရပ်ဆိုင်း ထားတယ်လို့ နိုင်ငံပိုင် ရေနံကုမ္ပဏီ ပက်ထရို အီကွေဒေါက ပြောပါတယ်။

လောင်စာဆီကန်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် မေ ၂၆ ရက်က မီးခိုးတွေ ထူထူထပ်ထပ် တက်လာတာကို မျက်မြင်သက်သေတွေ မြင်တွေ့ ခဲ့ရပါတယ်။မီးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ နိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရို အီကွေဒေါနဲ့ နိုင်ငံရဲ့ စွမ်းအင်ဝန်ကြီးတို့က ပြော ကြားခဲ့ပြီး ကုမ္ပဏီအနေနဲ့ ကြိုတင်ကာကွယ်မှုအဖြစ် လုပ်ငန်းလည်ပတ်မှုတွေကို ရပ်တန့်ထားတယ်လို့ ဆိုပါ တယ်။

မီးလောင်မှုကြောင့် ပက်ထရို အီကွေဒေါ ကုမ္ပဏီရဲ့ အက်စ်မရဲလ်ဒါ ရေနံချက်စက်ရုံက ဝန်ထမ်းအားလုံး ထိခိုက် ဒဏ်ရာရရှိသူ မရှိဘဲ ဘေးကင်းရာကို ကယ်ထုတ်နိုင်ခဲ့ပြီးတော့ ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေတယ် လို့ ကုမ္ပဏီက ပြောပါတယ်။အီကွေဒေါနိုင်ငံဟာ တောင်အမေရိကရဲ့ ထိပ်တန်းရေနံထုတ်လုပ်တဲ့ နိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံ ဝင်ငွေရရှိရေးအတွက် ရေနံတင်ပို့မှုအပေါ် ကြီးမားစွာ မှီခိုနေရတာ ဖြစ်ပါတယ်။