ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီဖို့ ပျက်ကွက်ရင် လာမယ့် ရက်ပိုင်းတွေအတွင်းမှာ ရုရှားကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ပြင်ဆင်ထားတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က မေလ ၁၃ ရက်မှာ ပြောပါတယ်။

ပိတ်ဆို့အရေးယူဖို့ ဖြစ်နိုင်ချေရှိတဲ့ ပစ်မှတ်တွေအဖြစ် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာကဏ္ဍတွေကို လျာထားတယ်လို့ သိရပါတယ်။ ပြင်သစ်အခြေစိုက် TF1 သတင်း ဌာနနဲ့ အင်တာဗျူးတစ်ခုမှာ အခုလို ပြောခဲ့တာဖြစ်ပြီး မိမိတို့အနေနဲ့ ဒီပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ မက်ခရွန်က ဆိုပါတယ်။ဂျာမန်အဓိပတိ ဖရက်ဒရစ်မာ့ဇ်(Friedrich Merz)ကလည်း ရုရှားသမ္မတ ဗာလာဒီမာပူတင်အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောမတူရင် ဥရောပမဟာမိတ်တွေက တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ လုပ်မယ်လို့ မေလ ၁၃ ရက် အစောပိုင်းမှာ ပြောထားပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန် ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက် က ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ရုရှားဘက်က သဘောတူလာစေရေး ဖိအားပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်နဲ့ ဥရောပက ထောက်ခံထား တဲ့ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းဘက်က သဘောတူထားပေမယ့် ရုရှားဘက်က လက်မခံ သေးတာ ဖြစ်ပါတယ်။