ဂျာမနီကို ဥရောပမှာ အင်အားအကြီးဆုံး စစ်တပ် ဖြစ်လာစေဖို့ ပြောင်းလဲတည်ဆောက်သွားမယ်လို့ ဂျာမန် အဓိပတိ ဖရီးဒရစ်မာ့ခ်ဇ်က မေလ ၁၄ ရက်မှာ ကတိပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၆ ရက်မှာ ဂျာမန်အဓိပတိ အသစ်အဖြစ် ရွေးကောက်ခံရပြီးနောက် ပါလီမန်မှာ ပထမဆုံးမိန့်ခွန်း ပြောခဲ့တာဖြစ်ပြီး ဒီမိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

ဒါ့အပြင် မိမိတို့ရဲ့ မဟာမိတ်တွေက ဂျာမနီကို ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်စေဖို့ မျှော်လင့်ထားပြီး ဒါဟာ ဥရောပရဲ့ လူဦးရေအများဆုံးနဲ့ စီးပွားရေးအရ အင်အားကြီးနိုင်ငံတစ်ခုအတွက် သင့်လျော်ကြောင်း၊ ဥရောပရဲ့ အင်အားအကောင်းဆုံး စစ်တပ်ဖြစ်လာစေဖို့အတွက် ဂျာမန်အစိုးရဟာ လိုအပ်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်အားလုံး ပံ့ပိုးပေးမှာဖြစ်ကြောင်းနဲ့ မိမိတို့ရဲ့ ရည်မှန်းချက်က မိမိတို့ရဲ့ လက်နက်တွေကို ဘယ်တော့မှ အသုံးပြုစရာ မလိုတော့တဲ့အထိ ဂျာမနီနဲ့ ဥရောပဟာ အတူတူ အင်အားကြီး ခိုင်မာလာစေဖို့ဖြစ်ကြောင်းတို့ကိုလည်း မာ့ခ်ဇ်က ပြောကြားခဲ့ပါတယ်။

ဒါကို အောင်မြင်စေဖို့အတွက် ဥရောပသမဂ္ဂနဲ့ နေတိုးမဟာမိတ်အဖွဲ့မှာ ဂျာမနီအနေနဲ့ တာဝန်ပိုယူဖို့လည်း သူက ပြောခဲ့ပါတယ်။ ဂျာမန်အဓိပတိဟာ ယူကရိန်းအပေါ် ဘာလင်ရဲ့ ထောက်ခံမှုကိုလည်း ထပ်လောင်းပြောခဲ့ပါတယ်။ပါလီမန်မိန့်ခွန်းမှာ ဖရီးဒရစ်မာ့ခ်ဇ်က ဂျာမနီကို ကမ္ဘာ့ဇာတ်ခုံမှာ ပိုမိုယှဉ်ပြိုင်နိုင်စေမယ့် အစီအစဉ်တွေအပြင် အရှိန်အဟုန်ပြင်းစွာနဲ့ စီးပွားရေးပြန်လည်နာလန်ထူလာစေဖို့ အစီအစဉ်တွေကိုလည်း ပြောကြားခဲ့ပါတယ်။