ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေစဉ်ကာလအတွင်းမှာပဲ ရုရှားက ယူကရိန်းကို ဒရုန်းအစင်းရေ ၅၀၀ ပစ်လွှတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်းတွေအပြင် အမျိုးပေါင်း ၂ဝ လောက်ရှိတဲ့ ဒုံးလက်နက်တွေနဲ့ ယူကရိန်းပြည်နယ် နေရာအနှံ့အပြားကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သုံးနှစ်တာ စစ်ပွဲကာလအတွင်း ရုရှားရဲ့ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းလေတပ်က အတည်ပြု ပြောကြားသွားပါတယ်။

ရုရှားဘက်က ဒရုန်း၂၇၇ စင်းနဲ့ ဒုံးကျည် ၁၉ ခုကို ယူကရိန်းဘက်က ဖျက်ဆီးနိုင်ခဲ့ပြီး ဒရုန်း ဒါမှမဟုတ် ဒုံးကျည် ၁၀ ခုသာ ပစ်မှတ်ကို ထိမှန်ခဲ့ကာ အဲဒီတိုက်ခိုက်မှုအတွင်း လူတစ်ယောက်သာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်းလေတပ် တာဝန်ရှိသူတွေက ဆိုပါတယ်။ယူကရိန်းရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ အားနည်းနေပြီး အင်အားကြီးတဲ့ရန်သူကို ရင်ဆိုင်ဖို့အတွက် မဟာမိတ် ဖြစ်တဲ့ အနောက်နိုင်ငံတွေရဲ့ စစ်အင်အားအကူအညီ လိုအပ်နေတာပါ။ အမေရိကန်ရဲ့ စစ်ရေးပေါ်လစီတွေ ကြောင့်လည်း ကိယက်ဗ်အနေနဲ့ အမေရိကန်ဘက်ကနေ အကူအညီ ဘယ်လောက်ရမလဲဆိုတာကို သေသေ ချာချာ တိတိကျကျ မခန့်မှန်းနိုင် ဖြစ်နေပါတယ်။အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေက အဆင်မပြေသေးပေမယ့် ဇွန်လ ၉ ရက်က နောက်ထပ် စစ်သုံ့ပန်းလဲလှယ်မှုကိုတော့ အောင်မြင်စွာ ပြုလုပ်ခဲ့တယ်လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။