အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားတစ်ဦးကို မနေ့က မေလ ၂၂ ရက်က ဖက်ဒရယ်တရားရုံးမှာ စတင်ရုံးထုတ်လိုက်ပါတယ်။

ချီကာဂိုမြို့က အသက် ၃၁ နှစ်အရွယ် အလိုင်းယက် ရိုဒရီဂွက်ဇ်ကို ဗဟိုအစိုးရရှေ့နေတွေက လူသတ်မှုနှစ်မှု အပြင် နိုင်ငံခြား အရာရှိတွေကို သတ်ဖြတ်မှု၊ လူသတ်မှုမှာ သေနတ်အသုံးပြုမှုတွေ အတွက်ပါ စွဲချက်တင်လိုက်တာပါ။ဒီအမှုနဲ့ ပတ်သက်လို့ လာမယ့် ဇွန်လ ၁၈ ရက်မှာ ကြားနာမှုလုပ်ဖို့ စီစဉ်ထားပါတယ်။လူသတ်မှုကျူးလွန်ဖို့အတွက် သေနတ်အသုံးပြုမှု စွဲချက်တစ်ခုနဲ့တင် သေဒဏ်အထိ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။သေဆုံးသူတွေဟာ အသက် ၃၀ နဲ့ ၂၆ နှစ်အရွယ် အမျိုးသားနဲ့ အမျိုးသမီးဖြစ်ပြီး နှစ်ဦးစလုံးဟာ အစ္စရေးသံရုံးဝန်ထမ်းတွေဖြစ်သလို မကြာခင်မှာ စေ့စပ်တော့မယ့်လူတွေလို့ သိရပါတယ်။

တရားရုံးမှတ်တမ်းတွေအရ ရိုဒရီဂွက်ဇ်ဟာ ဒီသံရုံးဝန်ထမ်းနှစ်ဦးကို သေနတ်နဲ့ အချက်ပေါင်းများစွာပစ်သတ်ခဲ့ပြီး ပစ်ခတ်ခဲ့တဲ့ သေနတ်တစ်လက်နဲ့ ကျည် ၂၁ တောင့်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ချီကာဂိုမှာ နေထိုင်သူ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာ ချီကာဂိုကနေ ဝါရှင်တန်ကို ရောက်ရှိလာတာဖြစ်ပြီး သေနတ်ကိုလည်း တပါတည်းယူဆောင်လာခဲ့တာလို့ သိရပါတယ်။အခင်းဖြစ်ပွားတဲ့ညက မျက်မြင်သက်သေတစ်ဦးကတော့ ရိုဒရီဂွက်ဇ်ဟာ ဂါဇာအတွက် ငါလုပ်ခဲ့တာ Free Palestine လို့ ပြောခဲ့တာကို ကြားခဲ့ရတဲ့အကြောင်း CNN ကို ပြောပါတယ်။