ဒရုန်းတပ်ဖွဲ့ကို တပ်မတော်ရဲ့ သီးခြားအဖွဲ့ခွဲအဖြစ် တည်ထောင်ဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတပူတင်က ဇွန်လ ၁၂ ရက်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း သေဆုံးသူ ထက်ဝက် နီးပါးဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ RT သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒရုန်းစနစ်တွေဟာ စစ်မြေပြင်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေပြီး ဒရုန်းတွေကို တိုက်ခိုက်ရေး အတွက် တိုက်ရိုက်အသုံးပြုတာအပြင် ထောက်လှမ်းရေး၊ အီလက်ထရောနစ်စစ်ဆင်ရေး၊ မိုင်းတပ်ဆင်ရေးနဲ့ မိုင်းဖယ်ရှားရေးတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတယ်လို့ သမ္မတပူတင်က ပြောပါတယ်။ရုရှားအနေနဲ့ ဒရုန်းအထူးတပ်ဖွဲ့တည်ထောင်ဖို့ လုပ်ဆောင်နေပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိထိရောက်ရောက် အသုံးချ မှုကို အမြန်ဆုံးနဲ့ အရည်အသွေးအမြင့်ဆုံး ဆောင်ရွက်ဖို့လိုကြောင်းလည်း သမ္မတပူတင်က ပြောကြားခဲ့ပါတယ်။

စစ်မြေပြင်မှာ မောင်းသူမဲ့စနစ်တွေကို ပိုမိုကျယ်ပြန့်စွာ အသုံးနိုင်ရေးအတွက် မောင်းသူမဲ့စနစ်တပ်ဖွဲ့လို့ခေါ်တဲ့ တပ်ဖွဲ့အသစ်တစ်ခု တည်ထောင်မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပထမဆုံးအကြိမ် ကြေညာခဲ့ပြီး အဲဒီတပ်ဖွဲ့ကို ဒီနှစ်ရဲ့တတိယသုံးလပတ်အတွင်း တည်ထောင်မှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး Andrey Belousov က ထုတ်ဖော်ပြောကြားထားပါတယ်။