မော်စကိုဘက်က ယူကရိန်း-ရုရှား သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ ချိုးဖောက်ခဲ့ရင် ရုရှားအပေါ် လက်နက် ထောက်ပံ့တာနဲ့ ပိတ်ဆို့ အရေးယူတာတွေ ထပ်မံပြုလုပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တောင်းဆိုသွား မှာဖြစ်ကြောင်း ယူရိန်းသမ္မတက ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ယူကရိန်းနဲ့ရုရှား နှစ်နိုင်ငံဟာ ပင်လယ်နက်အတွင်း ဘေးကင်းလုံခြုံစွာ ရေကြောင်း သွားလာရေးနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို နှစ်နိုင်ငံ တိုက်ခိုက်နေတာကနေ ရပ်တန့်ရေးအတွက် မတ်လ ၂၅ ရက်က သဘောတူညီမှု ရရှိခဲ့တာပါ။ နှစ်နိုင်ငံ သဘောတူညီချက်တွေဟာ မကြာခင် အချိန်အတွင်းမှာ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်မှာ ဖြစ်ပြီး အသက်ဝင်လာမယ်လို့ အမေရိကန်ဘက်က ယူဆထားပါတယ်။ အန္တရာယ်ကင်းတဲ့ ရေကြောင်းသွားလာမှု အတွက် ပင်လယ်နက်မှာ ပစ်ခတ် တိုက်ခိုက်တာတွေ မလုပ်ဖို့နဲ့ သာမန် ကုန်တင်သင်္ဘောတွေကို စစ်ရေး ရည်ရွယ် ချက်အတွက် အသုံးမပြုဖို့ အားလုံးက သဘောတူခဲ့ ကြတယ်လို့ ဆိုပါတယ်။

စွမ်းအင် အခြေခံ အဆောက်အအုံ တွေအပေါ် တိုက်ခိုက်တာတွေ မလုပ်ဖို့ သဘောတူညီချက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့နဲ့ ရေရှည် တည်တံ့မယ့် ထာဝရ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးသွားကြဖို့ သဘောတူခဲ့ကြတယ်လို့လည်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။