ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး တို့အကြား သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေးတစ်ရပ် ပြုလုပ်နိုင်ခြေရှိကြောင်း ရုရှားဘက်က ပြောကြားလာတာ ကို NBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီထိပ်သီးအစည်းအဝေးကို တိုက်ရိုက်စီစဉ်တာမျိုး မဟုတ်ဘဲ လမ်းကြောင်းအမျိုးမျိုးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေအကြား ဆွေးနွေးမှုရလဒ်အဖြစ်သာ ဖြစ်တယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ်က မေလ ၂၈ ရက်မှာ ပြောပါတယ်။

ရုရှား၊ အမေရိကန်နဲ့ ယူကရိန်း သမ္မတတွေအကြား တွေ့ဆုံပွဲတစ်ရပ် ဖြစ်ပေါ်လာနိုင်ခြေ ရှိ မရှိ မေးမြန်းရာမှာ ရုရှားနိုင်ငံကတော့ သူ့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲဖို့ မရှိဘူးလို့ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စ်ကို့ဗ်က ပြောကြားခဲ့ပါတယ်။နှစ်ဖက်စလုံးက ပေးအပ်လာမယ့် စာချွန်လွှာမူကြမ်းတွေကို မကြာခင် သိရှိလာမှာဖြစ်ပြီး ဆွေးနွေးပွဲအသစ်ကိစ္စက အစီအစဉ်မှာ ပါလာပါလိမ့်မယ်လို့လည်း ဆိုပါတယ်။ နောက်တစ်ကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ကျင်းပမယ့်နေရာကို ဆုံးဖြတ်ချက် မချရသေးပေမဲ့ အဲဒီနေရာဟာ နှစ်ဖက်စလုံးနဲ့ ကိုက်ညီသင့်တယ်လို့ ပက်စ်ကို့ဗ်က ပြောပါတယ်။ ဇယ်လန်းစကီးကလည်း သူအနေနဲ့ ထရမ့်၊ ပူတင်တို့နဲ့ ၃ နိုင်ငံ တွေ့ဆုံပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မေလ ၂၇ ရက်က ပြောကြားခဲ့ပါတယ်။