ရုရှားနဲ့ ယူကရိန်းတို့ဟာ ဇွန်လ ၉ ရက်က အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းတွေ အပြန်အလှန် ဖလှယ်ခဲ့ကြပြီး ဒါဟာ ခုအချိန်အထိ နှစ်နိုင်ငံအကြား စီစဉ်ထားတဲ့ အကျဉ်းသားလဲလှယ်မှုရဲ့ အောင်မြင်မှု ခြေလှမ်းဖြစ်တယ်လို့ CNN သတင်းမှာ ဖော်ပြပါရှိပါတယ်။

ဇွန်လ ၂ ရက်က အစ္စတန်ဘူလ်မှာ ပြုလုပ်တဲ့ နှစ်ဖက်တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ ရလဒ် တစ်စိတ်တစ်ပိုင်းဖြစ်သလို တစ်ဖက်နဲ့တစ်ဖက် အနည်းဆုံး အကျဉ်းသား ၁၂၀၀ လဲလှယ်ဖို့ ကတိကဝတ် ပြုခဲ့ကြ တာဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်ပွဲအတွင်း သေဆုံးခဲ့သူ ထောင်ပေါင်းများစွာရဲ့ ရုပ်အလောင်းတွေ ပြန်လည် လွှဲပြောင်းပေးဖို့ သဘောတူညီချက်တစ်ရပ်လည်း ပါဝင်တယ်လို့ သိရပါတယ်။စစ်သုံ့ပန်းတွေ ပြန်လည်ရောက်ရှိလာတာနဲ့ သေဆုံးသူ ရုပ်အလောင်းတွေ ပြန်လည်လက်ခံရေးက နှစ်ဖက်သဘော တူထားတဲ့ အချက်တွေထဲက တစ်ခုဖြစ်ပြီး အခုအခါ စစ်ပွဲအဆုံးသတ်ဖို့ နီးကပ်လာနေပြီလို့ ယူဆထားကြပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပျက်ကွက်ခဲ့တာကြောင့် စစ်ပွဲအဆုံးသတ်ရေး အလား အလာက မသေချာတဲ့ အနေအထားမှာ ဖြစ်ပေါ်နေတာပါ။ ယူကရိန်း အရှေ့အလယ်ပိုင်းဒေသကို ရုရှားတပ်ဖွဲ့ဝင် တွေက နယ်မြေပိုမိုသိမ်းပိုက်နိုင်ခဲ့တာကြောင့် နှစ်နိုင်ငံအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။