ရုရှားဓာတ်ငွေ့ပိုက်အားလုံးနဲ့သဘာဝဓာတ်ငွေ့ရည်အားလုံး တင်သွင်းမှုကို ၂၀၂၇ နှစ်ကုန်မှာ တားမြစ်ပိတ်ပင်မယ့် ဥပဒေကို အဆိုပြုဖို့ ဥရောပကော်မရှင်(အီးယူ)အဖွဲ့က စီစဉ်နေပြီဖြစ်တယ်လို့ Bloomberg သတင်းမှာ ရေးသား ဖော်ပြထားပါတယ်။ ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာတဲ့ ၂၀၂၂ ခုနှစ်ကတည်းက ဥရောပသမဂ္ဂဟာ တစ်ချိန်က အကြီးဆုံးထောက်ပံ့သူဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံကနေ စွမ်းအင်သွင်းကုန်တွေ တင်သွင်းမှုကို ဖြတ်တောက်ဖို့ တွန်းအား ပေးနေခဲ့တာပါ။

ဒီလို အပြည့်အဝ ဖြတ်တောက်လိုက်မယ်ဆိုရင် ပမာဏအားဖြင့် အကြီးအကျယ် လျော့ကျသွားနိုင်ချေရှိပေမယ့် ရုရှားကတော့ ဥရောပသမဂ္ဂ နိုင်ငံတွေအတွက် များပြားတဲ့ ဓာတ်ငွေ့အရင်းအမြစ်အဖြစ် တည်ရှိနေပါသေးတယ်။ဥရောပသမဂ္ဂနိုင်ငံဟာ ဇွန်လအတွင်းမှာ ရုရှားကနေ သဘာဝဓာတ်ငွေ့ စာချုပ်အသစ်တွေနဲ့ ၀ယ်လိုအားကို တား မြစ်ဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။ ကာလရှည်စာချုပ်တွေနဲ့ချုပ်ထားပြီး ကျန်နေသေးတဲ့ ပိုက်လိုင်းကပို့တဲ့ ရုရှားဓာတ်ငွေ့နဲ့သဘာဝဓာတ်ငွေ့ရည်ကို အဆင့်ဆင့်ရပ်ဆိုင်းဖို့ ခြေလှမ်းတွေကို လာမယ့်လမှာ ရွေးချယ်ဖို့ ဥရောပကော်မရှင်က မျှော်လင့်ထားပေမဲ့၂၀၂၇ နှစ်ကုန်အထိ အကူအပြောင်းကာလတစ်ခုတော့ လိုအပ်လာမှာ ဖြစ်တယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ထားပါတယ်။