အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ယူကရိန်းက သစ္စာမဲ့စွာ ဖောက်ဖျက် ကျူးလွန်နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောကြားထား တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

စွမ်းအင် အခြေခံအဆောက်အအုံတွေကို မတိုက်ခိုက်ဖို့ အမေရိကန် ရဲ့ ငြိမ်းချမ်းရေး အစပျိုးမှုကို သဘောတူတယ်လို့ ကိယက်ဗ်အစိုးရက ပြောနေပေမယ့် မတ်လ ၁၉ က စပြီး ရုရှား စွမ်းအင် အခြေခံအဆောက်အအုံတွေကို ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ ဇာခါရိုဗာက ပြောပါတယ်။စွမ်းအင်အခြေခံအဆောက်အအုံတွေအပြင် လူနေအိမ်တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ ယူကရိန်း စစ်တပ်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အမေရိကန်အနေနဲ့ ယူကရိန်းကို လက်နက်နဲ့ ထောက်လှမ်းရေးသတင်းတွေ ဆက်လက် မကူညီသင့်တော့ဘူးလို့လည်း ဇာခါရိုဗာက ပြောဆိုပါတယ်။ယူကရိန်းဘက်က ဒီလို ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်တော့ ရုရှားအနေနဲ့လည်း ယူကရိန်းရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေကို လက်တုံ့ပြန် တိုက်ခိုက်ရလိမ့်မယ်လို့ ဇာခါရိုဗာက ပြောသွားခဲ့ပါတယ်။