ပြင်သစ်မှာ အကြီးဆုံးကားကုမ္ပဏီဖြစ်တဲ့ ရီနော့ကို ယူကရိန်းမှာ စစ်သုံးဒရုန်းတွေထုတ်လုပ်ဖို့ ပြင်သစ် အစိုးရက တွန်းအားပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီကြေညာချက်ဟာ ယူကရိန်းဘက်ကနေ ရုရှားနိုင်ငံထဲက အရပ်သားအခြေခံအဆောက်အအုံတွေကို သိသိသာသာ အရှိန်မြှင့် တိုက်ခိုက်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒရုန်းထုတ်လုပ်ဖို့ကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကနေ ကုမ္ပဏီဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆုံးဖြတ်ချက် မချရသေးဘဲ ဝန်ကြီးဌာနဘက်က ထပ်မံပြောကြားလာမဲ့ အသေးစိတ်အချက်အလက်တွေ ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ရီနော့ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ပြင်သစ်ကာကွယ်ရေးဝန်ကြီးဟာ အဲဒီအစီအစဉ်ကို ဇွန်လ ၆ ရက်က ပထမဆုံး ထုတ်ဖော်ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုဟာ မကြုံစဖူး ပူးပေါင်းမှုတစ်ခုဖြစ်ပြီး ရီနော့ကားကုမ္ပဏီအပြင် စစ်သုံးပစ္စည်း ထုတ်လုပ်တဲ့ အသေးစားကုမ္ပဏီတစ်ခုလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီပရောဂျက်မှာ Toulouse အခြေစိုက် ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ Delair လည်း ပါဝင်နိုင်ခြေရှိတယ်လို့ သိရပါတယ်။ Delair ဟာ နယ်စပ်စောင့်ကြည့်ရေး၊ ရှာဖွေရေး၊ ထောက်လှမ်းရေးနဲ့ အထူးစစ်ဆင်ရေး တပ်ဖွဲ့တွေအတွက် ဒရုန်းထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဒရုန်းထုတ်လုပ်တဲ့စက်ရုံကို ယူကရိန်းက စစ်မျက်နှာနဲ့ ကီလိုမီတာ အနည်းငယ်ကွာဝေးတဲ့နေရာမှာ တည်ထောင်ဖို့ ရေနောကုမ္ပဏီကို တာဝန်ပေးနိုင်ခြေရှိပါတယ်။ ဒရုန်းထုတ်လုပ်ရေးပိုင်းမှာ ယူကရိန်း လူမျိုးဝန်ထမ်းတွေကိုသာ တာဝန်ပေးသွားမှာဖြစ်ပြီး ယူကရိန်းစစ်တပ်အတွက် တည်ဆောက်မယ့် ဒရုန်းတွေကို ပြင်သစ်စစ်တပ်ရဲ့ နည်းဗျူဟာပိုင်းနဲ့ စစ်ဆင်ရေးလေ့ကျင့်မှုတွေအတွက် အသုံးချသွားမှာ ဖြစ်တယ်လို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားထားပါတယ်။