စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မှာရှိတဲ့ အမေရိကန်ကျောင်းတစ်ကျောင်းရဲ့ အပြင်ဘက်မှာ ယူကရိန်း ထိပ်တန်း အရာရှိဟောင်းတစ်ယောက် ပစ်သတ်ခံရတယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားပါတယ်။အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အန်ဒရီး ပေါ့နော့ဗ်ဟာ မေလ ၂၁ ရက် မနေ့က သူ့ရဲ့ကလေးတွေကို ကျောင်းလိုက်ပို့ပြီးနောက် ကားပါကင်မှာ ရပ်ထားတဲ့ ကားဆီကို လမ်းလျှောက်ပြီး ပြန်အလာမှာ ပစ်သတ်ခံရ တာဖြစ်ပါတယ်။

အမည်မသိတိုက်ခိုက်သူတစ်ယောက်ဟာ သေနတ်နဲ့ပစ်ခတ်ပြီးနောက် အနားမှာရှိတဲ့ ပန်းခြံတစ်ခုထဲက တောအုပ် ထဲကို ဝင်ပြေးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မနေ့က ဒေသစံတော်ချိန် မနက် ၉ နာရီ ကျော်ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုမှာ သေနတ်သမားက သေနတ်နဲ့ ငါးချက် ခြောက်ချက်လောက် ပစ်ခဲ့တယ် လို့ ဆိုပါတယ်။အခင်းဖြစ်ပွားပြီးနောက်မှာ မက်ဒရစ်ရဲတပ်ဖွဲ့က ဒရုန်းတွေ ရဟတ်ယာဉ်တွေနဲ့ သေနတ်သမားကို လိုက်လံရှာဖွေ ခဲ့ပေမယ့် အဲဒီနေ့က ဖမ်းမမိသေးပါဘူး။ ပေါ့နော့ဗ်ရဲ့ နောက်ကျောနဲ့ ဦးခေါင်းမှာ ကျည်ဆံဒဏ်ရာတွေ အများ အပြားတွေ့ရပြီး အာဏာပိုင်တွေက စစ်ဆေးမှုတွေ ဆက်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။

ပေါ့နော့ဗ်ဟာ ၂၀၁၄ ခုနှစ်တုန်းက ဖြုတ်ချခံရတဲ့ ရုရှားလိုလားတဲ့ သမ္မတလက်ထက်မှာ ပါလီမန်အမတ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ အနိုင်ရခဲ့တဲ့ သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ကူးပြောင်းခဲ့ပြီး တော်လှန်ရေးအပြီးမှာ ယူကရိန်းကနေ ထွက်ခွာခဲ့ပါတယ်။ဗလာဒီမာဇီလန်းစကီး သမ္မတဖြစ်လာပြီးနောက် ၂၀၁၉ မှာ ပေါ့နော့ဗ်ဟာ ယူကရိန်းကို ပြန်လာခဲ့ပေမယ့် ၂၀၂၁ မှာတော့ နိုင်ငံကနေ အပြီးထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေါ့နော့ဗ် လုပ်ကြံခံရတဲ့ နောက်ကွယ်က အကြောင်းရင်းကို မသိရသေးပါဘူး။