ရုရှားတပ်တွေက ယူကရိန်းရဲ့မြို့နှစ်မြို့ကို ဇွန်လ ၁၀ ရက် မနက်အစောပိုင်းက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အကြီးစားတိုက်ခိုက်မှု ထပ်မဲပြုလုပ်ခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုအတွင်းလူ ၃ ယောက်သေဆုံးပြီး အနည်းဆုံး ၁၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဟာ ၃ နှစ် တာ စစ်ပွဲအတွင်း ယူကရိန်းမြို့တော်ကို တိုက်ခိုက်မှုတွေထဲက အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်တယ်လို့ ယူကရိန်းသမ္မတက မှတ်ချက်ပေးထားပါတယ်။

မြို့တော်ကိယက်ဗ်နဲ့တောင်ပိုင်းဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာမြို့တို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မော်စကို တပ်တွေက တစ်ညအတွင်း ဒရုန်းအစင်းရေ ၃၁၅ စင်းနဲ့ဒုံးကျည် ၇ စင်း ပစ်လွှတ်ခဲ့တဘ်လို့ ယူကရိန်းသမ္မတ က အွန်လိုင်းကြေညာချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကိယက်ဗ်ရဲ့ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်တဲ့ ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်ပါတယ်။ ဒါ့ပေမဲ့ ဇွန်လ ၂ ရက်က ပြုလုပ်ခဲ့တဲ့ အစ္စတန်ဘူဆွေးနွေးပွဲရဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တစ်ခု အနေနဲ့ ရုရှားနဲ့ ယူကရိန်းတို့ဟာ ဇွန်လ ၉ ရက်ကတော့ အသက် ၂၅ နှစ်အောက် စစ်သုံ့ပန်းတွေ အပြန်အလှန် ဖလှယ်နိုင်ခဲ့ကြပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာတော့ တိုက်ခိုက်မှုတွေဟာ ကိယက်ဗ်ရှိ လက်နက်စက်ရုံ တွေ၊ စစ်ဌာနချုပ်တွေ၊ တပ်စခန်းချနေရာတွေ၊ လေတပ်အခြေစိုက်စခန်းတွေနဲ့လက်နက်သိုလှောင်ရုံတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်မှတ်အားလုံးကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့ တယ်လို့ ဖော်ပြထားပါတယ်။