မောင်းသူမဲ့လေယာဉ်က စစ်ပွဲတွေ ဆင်နွှဲတဲ့ပုံစံကို ပြောင်းလဲစေခဲ့တယ်လို့ ဆိုပြီးနောက် လက်ရှိဘဏ္ဍာရေးနှစ် အတွင်း ယူကရိန်းကို ဒရုန်းအစင်းရေ ၁၀၀,၀၀၀ ထောက်ပံ့ပေးဖို့ ဗြိတိန်က ကတိပြုခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ဗြိတိန်အစိုးရက ရုရှားရဲ့ ရန်လိုမှု ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ အပါအဝင် ပေါ်ပေါက်လာနိုင်တဲ့ ခြိမ်းခြောက်မှု တွေကို တန်ပြန်ဖို့ နည်းပညာမြင့် ဒရုန်းတွေ ထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

စစ်တပ်အတွက် သီးခြားလွတ်လပ်စွာ ထုတ်လုပ်ထားတဲ့ မဟာဗျူဟာမြောက် ကာကွယ်ရေး အဆင့်မြင့် ဒရုန်း တွေကို ယူကရိန်းအတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ယူရို သန်း ၃၅၀ တန်ဖိုးရှိတဲ့ ဒရုန်းပက်ကေ့ခ်ျက ယူကရိန်းအတွက် ပိုမိုကျယ်ပြန့်တဲ့ စစ်ရေးထောက်ပံ့မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောကြားခဲ့ပါတယ်။

ဂျာမနီနဲ့ ဘရပ်ဆဲလ်မှာ ပူးတွဲကျင်းပတဲ့ ယူကရိန်းကာကွယ်ရေး အဆက်အသွယ်အဖွဲ့ အစည်းအဝေးမှာ ဗြိတန် ကာကွယ်ရေးဝန်ကြီးက ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေ ပို့ဆောင်တဲ့ အပြင် နောက်ထပ် ပေါင် ၂၄၇ သန်း အသုံးပြုကာ ယူကရိန်းတပ်တွေကို လေ့ကျင့်ပေးသွားမယ်လို့လည်း ဗြိတိန်က ပြောကြားထားပါတယ်။