ပြင်သစ်ကားထုတ်လုပ်ရေးကုမ္ပဏီ ရီနော့ဟာ ယူကရိန်းမှာ ဒရုန်းတွေ ထုတ်လုပ်ဖို့ ရှိတယ်လို့ ကုမ္ပဏီဘက်က အတည်ပြုထားပါတယ်။ ပရောဂျက်မှာ အမည်ဖော်ပြမထားတဲ့ ပြင်သစ်ကာကွယ်ရေး ကုမ္ပဏီတစ်ခုလည်း ပါဝင်နိုင်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာ မရှိဘူးလို့ AERO သတင်းမှာ ဖော်ပြထားပါတယ်။

ရီနော့ကုမ္ပဏီဘက်က ဒီအဆင့်မှာ ဆွေးနွေးမှုတွေလုပ်နေပြီး ဒီပရောဂျက်အတွက် ဝန်ကြီးဌာနက ရှင်းလင်း ပြောကြားလာတာကို စောင့်ဆိုင်းနေတုန်းဖြစ်တဲ့အတွက် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ထုတ်ပြန်ချက် တစ်ခုမှာ ပြောကြားထားပါတယ်။ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ယူကရိန်းရှေ့တန်းနဲ့ ကီလိုမီတာ ၁၀၀ ကျော်မှာ ထားရှိသွားမယ်လို့ သိရပါတယ်။ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းမှာ ဒရုန်းထုတ်လုပ်သွားမယ့် အစီအစဉ်ကို ဇွန်လ ၆ ရက်တုန်းက ပြင်သစ်မီဒီယာကို လူသိရှင်ကြား အတည်ပြုပြောကြားသွားခဲ့ပြီး ကုမ္ပဏီနာမည်ကိုတော့ ပြောကြားသွားတာ မရှိပါဘူး။

ထုတ်လုပ်မယ့်ဒရုန်းတွေကို အတိအကျ ပြောမထားပေမယ့် ယူကရိန်းတပ်ဖွဲ့အတွက် အဓိက ထောက်ပံ့သွားမယ့် အပြင် လက်တွေ့အခြေအနေကို ထင်ဟပ်နေတဲ့ ဗျူဟာမြောက်လေ့ကျင့်ရေးတွေ ပြုလုပ်နေတဲ့ ပြင်သစ် လက်နက်ကိုင်တပ်ဖွဲ့တွေကိုပါ ထောက်ပံ့ပေးသွားမယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ကိယက်ဗ်နဲ့ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်လို့ ပြောကြား ခဲ့ပြီး ဒီလို မကြုံစဖူး ပူးပေါင်းဆောင်ရွက်မှုကို အမြန်ဆုံး စတင်လုပ်ဆောင်သွားမယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားပါတယ်။