မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ မေလ ၁၄ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှုတစ်ခုအတွင်း အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

မက္ကဆီကို အလယ်ပိုင်း ဝါဟာကာနဲ့ ပွယ်ဘလာပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမပေါ်မှာ မော်တော်ယာဉ်သုံးစီး တိုက်မိခဲ့တာဖြစ်ပြီး ၁၈ ယောက်ကတော့ အခင်းဖြစ် နေရာမှာတင် သေဆုံးခဲ့ပြီး ၃ ယောက်ကတော့ ဆေးရုံမှာ သေဆုံးသွားတယ်လို့ သက်ဆိုင်ရာ အစိုးရ အရာရှိတစ်ယောက်က ပြောပါတယ်။ အခြားဒဏ်ရာရရှိသူ အများအပြားလည်း ရှိပြီး ဆေးကုသမှု ခံယူနေရ တယ်လို့ ဆိုပါတယ်။ဒီယာဉ်တိမ်းမှောက်မှုမှာ ဘိလပ်မြေတင် ထရပ်ကားတစ်စီးက ဗန်ကားတစ်စီးကို ကျော်တက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး တစ်ဖက်လမ်းကလာတဲ့ ဘတ်စကားနဲ့ တိုက်မိရာကနေ ကားသုံးစီးစလုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်တယ်လို့ မက္ကဆီကိုအခြေစိုက် သတင်းစာတစ်စောင်က ရေးသားပါတယ်။

မက္ကဆီကို သတင်းထောက်တစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ကားတွေက ချောက်ထဲကို ထိုးကျခဲ့ပြီး မီးလောင်ကျွမ်းခဲ့တဲ့ အခြေအနေ ရှိပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းလည်း မက္ကဆီကိုက အဝေးပြေးလမ်းတွေမှာ ပြင်းထန်တဲ့ မတော်တဆမှုတွေ အများအပြား ဖြစ်ပွားခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ဖေဖော်ဝါရီလကလည်း မက္ကဆီကိုတောင်ပိုင်းမှာ ဘတ်စကားတိုက်မှုတစ်ခုကြောင့် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။