စပိန်နိုင်ငံ ဘာစီလိုနာနဲ့မယ်ယော့ကာကျွန်းတွေမှာ ဇွန်လ ၁၅ ရက်က ခရီးသွားတွေကို ဒေသခံတွေက ရေသေနတ် တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး ခရီးသွားတွေကြောင့် အိမ်ရာအခက်အခဲဖြစ်ပေါ်မှုနဲ့ ဇာတိမြို့ရွာတွေရဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာတွေ ပျောက်ဆုံးနေရမှုအပေါ် ဆန္ဒထုတ်ဖော်ပြသခဲ့ကြတယ်လို့ AP သတင်းမှာ ရေးသားဖော်ပြလာပါ တယ်။

ဒါဟာ ဥရောပတောင်ပိုင်းက နာမည်ကြီးခရီးသွားနေရာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ အလွန်အကျွံ စုပြုံ ကျလာမှုရဲ့ဆိုးကျိုးတွေကို ဆန့်ကျင်ရာမှာ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီနေ့က အကြီးဆုံး လူထုစုဝေးမှုအဖြစ် မယ်ယော့ကာမှာ လူထောင်ပေါင်းများစွာ စုရုံးခဲ့ကြပြီး တခြားစပိန်မြို့တွေနဲ့ အီတလီနိုင်ငံက ဗင်းနစ်မြို့၊ ပေါ်တူဂီနိုင်ငံ မြို့တော်လစ္စဘွန်းတို့မှာလည်း လူပေါင်းရာနဲ့ချီ စုဝေးဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ဘာစီလိုနာမြို့ခံတစ်ဦးကတော့ မြို့ကို ခရီးသွားတွေလက်ထဲ အပ်လိုက်ပြီဖြစ်လို့ ဒါက မြို့ကို ဒေသခံတွေ လက်ထဲ ပြန်ရောက်ရေး တိုက်ပွဲဝင်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။

အိမ်ငှားခတွေ ၃၀ ရာခိုင်နှုန်းကျော် တက်သွားပြီး ဒေသခံဆိုင်တွေနေရာမှာ ခရီးသွားလုပ်ငန်းကိုဦးတည်တဲ့ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ၊ ဘာဂါဆိုင် တွေနဲ့ ဘက်ဘယ်လ်တီးဆိုင်တွေ အစားထိုးလာပြီလို့ သိရပါတယ်။ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေမှာ ခရီးသွားလုပ်ငန်းနဲ့ Airbnb လို အိမ်ငှားဝန်ဆောင်မှုတွေရဲ့ရိုက်ခတ်မှုကို ခံနေရပြီး ၂၀၂၄ ခုနှစ်မှာ စပိန်နိုင်ငံကို ခရီးသွား ၉၄ သန်း စံချိန်တင်ဝင်ရောက်ခဲ့တာဖြစ်လို့ အခုလို ဆန္ဒထုတ်ဖော်တာတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ စပိန်အစိုးရကတော့ ပြည်သူ့အသံကို နားထောင်ဖို့ ကြိုးစားနေပြီး နိုင်ငံစီးပွားရေး ရဲ့ ၁၂ ရာခိုင်နှုန်းရှိနေတဲ့ ခရီးသွားလုပ်ငန်းကို မထိခိုက်စေချင်ဘူးလို့ သိရပါတယ်။