ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာရဲ့ ယူကရိန်းလုံခြုံရေးအတွက် ညွန့်ပေါင်းတပ်ဖွဲ့စည်းရေးအစီအစဉ်ကို ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အထူးသံတမန်က ပယ်ချလိုက်ပါတယ်။ယူကရိန်းနဲ့ ရုရှားအကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတွေကို ထရမ့်အစား ဆောင်ရွက်ပေးနေတဲ့ စတိဝစ်ကော့ဖ်က ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဥရောပခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီလို ဖြစ်ရမယ်လို့ ယူဆနေပုံ ပေါ်ကြောင်း ဝေဖန်ခဲ့တာ ပါ။

ဒုတိယကမ္ဘာစစ်အတွင်းက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဝင်စတန်ချာချီလို ဥရောပခေါင်းဆောင်တွေက သူရဲကောင်းလုပ်ချင်နေတယ်လို့ စတိဝစ်ကော့ဖ်က ဝေဖန်ခဲ့တာဖြစ်ပြီး အခုက ဒုတိယကမ္ဘာစစ်ထဲမှာ မဟုတ်သလို NATO အဖွဲ့လည်း ရှိနေပြီလို့ သူက ပြောပါတယ်။ထရမ့်လိုလားတဲ့ ဂျာနယ်လစ်တစ်ဦးနဲ့ အင်တာဗျူးတစ်ခုအတွင်းမှာ စတိဝစ်ကော့ဖ်က အခုလိုပြောခဲ့တာပါ။ဝစ်ကော့ဖ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သူသဘောကျကြောင်းလည်း ပြောခဲ့ပြီး ပူတင်က လူဆိုးတစ်ယောက်မဟုတ်ဘဲ လူတော်တစ်ယောက်လို့လည်း ပြောပါတယ်။စတိဝစ်ကော့ဖ်ဟာ ဗလာဒီမာပူတင်နဲ့ အခုမတ်လအစောပိုင်းက မော်စကိုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအင်တာဗျူးအတွင်းမှာ စတိဝစ်ကော့ဖ်ဟာ ယူကရိန်းဟာ အတုအယောင်နိုင်ငံဆိုတဲ့ ရုရှားဘက်က ပြောလေ့ရှိတဲ့ စကားလုံးမျိုးကို ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး ရုရှားဘက်ယိမ်းတဲ့ အဖြေအများအပြားကိုလည်း ပြောခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ဒါ့အပြင် ဝစ်ကော့ဖ်ဟာ ယူကရိန်းနဲ့ ရုရှားအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို ဦးဆောင်နေပေမယ့် ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေ ၅ ခုရဲ့ အမည်တွေကို ဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။