ဗြိတိန် MI6 ထောက်လှမ်းရေးအေဂျင်စီမှာ ပထမဆုံး အမျိုးသမီးအကြီးအကဲကို ခန့်အပ်လိုက်တဲ့အတွက် ဗြိတိန် နိုင်ငံရဲ့ လက်တွေ့ဘဝက သူလျှိုတွေဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို အမီလိုက်သလို ဖြစ်လာတဲ့အကြောင်း AP သတင်း မှာ ဖော်ပြထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာက ဇွန်လ ၁၄ ရက်မှာ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲနေရာမှာ ဘလေ့စ်မက်ထရီဝယ်လီကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၀၉ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့အဖွဲ့ကြီးဟာ ပထမဦးဆုံးအနေနဲ့ အမျိုးသမီးတစ်ယောက်ကို အကြီးအကဲအဖြစ် တာဝန်ပေးအပ် လိုက်တာဖြစ်တယ်လို့ သိရပါတယ်။သူမဟာ လက်ရှိမှာ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေတာြဖစ်ပြီး ဂျိမ်းစ် ဘွန်းရုပ်ရှင်ထဲက လက်နက်ဆန်းတွေတီထွင်တဲ့ ကျူနဲ့အလားသဏ္ဌာန်တူနေတဲ့ လက်တွေ့ဘဝထဲက ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်စတာမာဟာ G7 ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ကနေဒါကို ရောက်ရှိနေစဉ်မှာ ရာထူးခန့်အပ်တဲ့အကြောင်းကို ကြေညာခဲ့တာဖြစ်ပြီးဒါ ဟာ သမိုင်းတွင်မယ့် ခန့်အပ်မှုတစ်ခု ဖြစ်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မက်ထရီဝယ်လီဟာ MI6 မှာ ငါးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရစ်ချတ်မောရ်ဆီကနေ တာဝန်လွှဲပြောင်း ရယူ မှာဖြစ်ပြီး တရုတ်နဲ့ ရုရှားအပါအဝင် ဗြိတိန်အပေါ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်စေတဲ့ နိုင်ငံတွေရဲ့ ဆိုင်ဘာသုံး ကိရိယာတွေ၊ သူလျှိုထောက်လှမ်းတာတွေ၊ ဩဇာသက်ရောက်စေတဲ့ စစ်ဆင်ရေးတွေကို သုံးပြီး ကမ္ဘာအနှံ့ ခြိမ်းခြောက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ ဗြိတိန်နိုင်ငံရဲ့အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ် သွားရမှာ ဖြစ်တဲ့အပြင် အကြမ်းဖက်သမားတွေနဲ့ အန္တရာယ်တွေကိုလည်း အမြဲသတိထားနေရမှာ ဖြစ်ပါတယ်။