ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ ဇနီးဘရစ်ဂျစ်မက်ခရွန်တို့ဟာ ဗီယက်နမ်သမ္မတရဲ့ ဖိတ်ခေါ်မှုအရ ဗီယက်နမ်နိုင်ငံကို နိုင်ငံတော်အဆင့် အလည်အပတ်ခရီးစဉ်သွားရောက်ဖို့ စီစဉ်ထားတယ်လို့ vn express သတင်းဌာနက ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ အဲဒီအလည်အပတ်ခရီးစဉ်ဟာ မေလ ၂၅ ရက် ကနေ ၂၇ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ မက်ခရွန်ဟာ ၂၀၁၇ ခုနှစ် မေလမှာ ပထမအကြိမ် ပြင်သစ်သမ္မတဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလမှာ ထပ်မံရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။မက်ခရွန်ဟာ ဗီယက်နမ်နိုင်ငံကို စိတ်ဝင်စားမှုရှိပြီး ဗီယက်နမ်အစားအစာကို ချစ်မြတ်နိုးသူလို့ သူနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

ဗီယက်နမ်နဲ့ ပြင်သစ်ဟာ ၁၉၇၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ သံတမန်ဆက်ဆံရေးကို စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ မဟာဗျူဟာမိတ်ဖက်အဖြစ် သတ်မှတ်ခဲ့သလို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာတော့ ကျယ်ပြန့်တဲ့ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပါတယ်။ပြင်သစ်ဟာ ဗီယက်နမ်နဲ့ အမြင့်ဆုံးမိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ ပထမဆုံး ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး လက်ရှိ ပြင်သစ်နိုင်ငံအတွင်းမှာ ဗီယက်နမ်လူမျိုး လူဦးရေ ၃ သိန်းခွဲခန့် ရှိပါတယ်။