ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ အီလတီဝန်ကြီးချုပ် မယ်လိုနီတို့ဟာ မနေ့က ဇွန်လ ၃ ရက်က ရောမမြို့မှာ တွေ့ဆုံပြီး နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဓိကကျတဲ့ အစည်းအဝေးပါ။ ၃ နာရီကျော်ကြာတဲ့ ဒီဆွေးနွေးမှုမှာ ယူကရိန်းပဋိပက္ခ၊ ကုန်သွယ်ရေးမူဝါဒဆိုင်ရာတွေနဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စိန်ခေါ်မှု ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေက ခိုင်မာတဲ့ ဥရောပအတွက် ပူးတွဲလုပ်ဆောင်ဖို့ ကတိပြုခဲ့ကြပြီး ယူကရိန်းအပေါ် ဆက်ထောက်ခံမယ့် ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုခဲ့တယ်လို့ ထိပ်သီးခေါင်းဆောင်တွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ဒီဆွေးနွေးပွဲမှာ အမေရိကန်နဲ့ ကုန်သွယ်ရေးတင်းမာမှု အရေးကိုလည်း ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှု တိုးမြှင့်ဖို့လည်း ပြောဆိုခဲ့ကြပါတယ်။

အမျိုးသားရေးဝါဒီဖြစ်တဲ့ မယ်လိုနီနဲ့ ဥရောပလိုလားသူနဲ့ ဗဟိုဝါဒီတစ်ဦးဖြစ်တဲ့ မက်ခရွန်တို့ကြားမှာ တင်းမာ မှုအချို့ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဥရောပစည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်လာတာပါ။ မယ်လိုနီနဲ့ မက်ခရွန်တို့ဟာ လာမယ့် ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ပြင်သစ်မှာ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ သဘောတူခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ တိုးလုပ်ဖို့လည်း ကတိပြုခဲ့ ကြပါတယ်။