ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ စတင်လောင်ကျွမ်းနေတဲ့တောမီးကို အပြည့်အဝထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း အာဏာပိုင်တွေကပြောကြားထားတာကို Reuters သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဆိုးရွားတဲ့တောမီးကြောင့် ပြင်သစ်တောင်ပိုင်းမှာ ဧက ၄သောင်းနီးပါးလောင်ကျွမ်းပျက်စီးခဲ့ပြီး အနီးအနားပတ်ဝန်းကျင်ရှိ အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။လအတန်ကြာ မိုးခေါင်ပြီးနောက် လေပြင်းတိုက်ခတ်မှုနဲ့ ခြောက်သွေ့တဲ့ရာသီဥတုကြောင့် တောမီးဟာ အလျင်အမြန် ကူးစက်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာ လုံခြုံစေဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း အဆိုပါနေရာမှာ မီးသတ်သမားတွေကို ဆက်လက်ထားရှိမှာဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီတောမီးဟာ ပြင်သစ်မှာ ဆယ်စုနှစ် ရှစ်စုနီးပါးအတွင်း အကြီးမားဆုံး တောမီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး မီးသတ်သမား ၁၆ ဦးအပါအဝင် ၁၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၃၆ လုံး ပျက်စီးခဲ့ရသလို လူပေါင်း ၂၀၀၀နီးပါးလည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ဒါ့အပြင် အိမ်ခြေ ၅၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ညနေအထိ အိမ်ခြေ၁၅၀၀ခန့် လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေကပြောပါတယ်။