ပြင်သစ်ဝန်ကြီးချုပ် ဖရန်ဆွာဘေရူးဟာ နိုင်ငံရဲ့ကြွေးမြီတွေ တစ်စက္ကန့်ကို ယူရို ၅၀၀၀ တိုးလာနေတာကြောင့် သူ့ရဲ့အသုံးစရိတ်လျှော့ချရေးအစီအစဉ်ကို ပြည်သူတွေ ထောက်ခံပေးကြဖို့ တိုက်တွန်းထားကြောင်း RT သတင်း မှာ ဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်က ပြီးခဲ့တဲ့လက ချပြခဲ့တဲ့ ယူရို ၄၃ ဒသမ ၈ ဘီလီယံ ဘတ်ဂျက်ဖြတ်တောက်ရေးအစီအစဉ်ဟာ အခုဖြစ်နေတဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို ကာကွယ်ဖို့ အရေးကြီးတယ်လို့ အင်္ဂါနေ့ကတင်ခဲ့တဲ့ YouTube ဗွီဒီယိုမှာ ပြည်သူတွေကို ရှင်းပြခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ ပိတ်ရက်နှစ်ရက်ကို ဖျက်သိမ်းတာ၊ အစိုးရဝန်ထမ်း အလုပ်အကိုင် တွေကို လျှော့ချတာ၊ လူမှုဖူလုံရေးထောက်ပံ့ကြေးတွေနဲ့ ပင်စင်တွေကို ရပ်ဆိုင်းပစ်တာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြီး လက်ဝဲပါတီတွေက အစိုးရဟာ လူမှုဖူလုံရေးထက် စစ်ရေးအသုံး စရိတ်တွေကို ဦးစားပေးနေတယ်လို့ စွပ်စွဲထားပါတယ်။

ပြင်သစ်ရဲ့စစ်ရေးဘတ်ဂျက်ဟာ ၂၀၂၇ မှာ ယူရို ၆၄ ဘီလီယံအထိ ရှိလာမှာဖြစ်ပြီး သမ္မတမက်ခရွန်ကလည်း နောက်နှစ်နှစ်အတွင်း ဥရောပလုံခြုံရေးအတွက် ယူရို ၆ ဘီလီယံခွဲ ထပ်ဆောင်းပေးမယ်လို့ ကတိပြုထားပါတယ်။ ဘေရူးဟာ အောက်တိုဘာလမှာ ဘတ်ဂျက်မတင်ခင် သူ့ရဲ့အဆိုပြုချက်အတွက် ပါလီမန်ရဲ့ ထောက်ခံမှု လိုအပ်နေ တာ ဖြစ်ပါတယ်။ ဇူလိုင် ၃၁ ရက်က ကောက်ယူခဲ့တဲ့စစ်တမ်းအရ ဘေရူးကိုယုံကြည်တဲ့ ပြင်သစ်နိုင်ငံသား ၁၂ ရာခိုင်နှုန်းသာရှိပြီး ဒါဟာ ဒီဇင်ဘာလမှာ သူဝန်ကြီးချုပ်ဖြစ်လာကတည်းက ရာခိုင်နှုန်း အနည်းဆုံးပဲ ဖြစ်ပါတယ်။