အီရန်ဟာ နျူကလီးယားမပြန့်ပွားရေးဆိုင်ရာ လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချိုးဖောက်ခဲ့တယ်လို့ ကမ္ဘာ့နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့တွေက ကြေညာပါတယ်။ဩစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာ ဇွန်လ ၉ ရက်ကနေ ၁၃ ရက်အထိ ကျင်းပနေတဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) ဘုတ်အဖွဲ့အစည်းအဝေးမှာ အခုလို ကြေညာခဲ့တာပါ။

အီရန်မှာ တရားဝင် မကြေညာထားတဲ့ အနုမြူပစ္စည်းတွေနဲ့ လုပ်ဆောင်ချက်တွေ ရှိနေပြီး အီရန်အနေနဲ့ ဒါတွေနဲ့ ပတ်သက်လို့ IAEA ကို အဖြေပေးဖို့အတွက် ပျက်ကွက်မှု အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပေါင်းဖို လောင်စာအတွက်သာမကဘဲ နျူကလီးယားလက်နက်တွေအဖြစ်ပါ အသုံးပြုနိုင်တဲ့ အီရန်ရဲ့ သန့်စင်တဲ့ ယူရေနီယံ သိုလှောင်မှုအတွက်လည်း စိုးရိမ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။အီရန်ဟာ နျူကလီးယား လုံခြုံရေးဆိုင်ရာ တာဝန်တွေ ချိုးဖောက်တယ်ဆိုတဲ့ အဆိုကို နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ဘုတ်အဖွဲ့ဝင် ၃၅ နိုင်ငံအထဲမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် ၁၉ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ရုရှား၊ တရုတ်နဲ့ ဘာကီနာဖာဆို သုံးနိုင်ငံက သံတမန်တွေကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ပြောခဲ့ပြီး ၁၁ နိုင်ငံကတော့ မဲမပေးဘဲ နေခဲ့ကြပါတယ်။အီရန် အဏုမြူစွမ်းအင်အဖွဲ့(AEOI)နဲ့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကတော့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့ကြတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးအရ အရေးယူဆောင်ရွက်မှုကို ရှုတ်ချခဲ့ပါတယ်။အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန်အကြား ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီး ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာတော့ အစ္စရေးက အီရန်ရဲ့ နျူကလီးယား အခြေစိုက်နေရာတွေကို စတင် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။