ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ရောက်လာတဲ့ ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ နိုင်ငံခြား တိုင်းပြည်တွေက နိုင်ငံ့ခေါင်းဆောင်တွေကို ကြိုဆိုဧည့်ခံဖို့ ရုရှားသမ္မတ ပူတင်က ပြင်ဆင်နေတယ်လို့ Sky News ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

စစ်ရေးပြပွဲ အခမ်းအနား ကျင်းပနေအချိန်မှာ ယူကရိန်းက တိုက်ခိုက်လာတာတွေ ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ လည်း Sky News ရဲ့ မော်စကို အခြေစိုက် သတင်းထောက်က ရေးသားဖော်ပြထားပါတယ်။ ကြီးမားတဲ့ စစ်ရေးပြ အခမ်းအနားကို မော်စကိုမြို့ရဲ့ ရင်ပြင်နီမှာ ကျင်းပမှာဖြစ်ပြီး အခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် အပါအဝင် နိုင်ငံ့ခေါင်းဆောင် ၂ ဒါဇင်ကျော်ကို ရုရှားသမ္မတ ပူတင်က ကြိုဆိုမယ်လို့ ဆိုပါတယ်။အဲဒီစစ်ရေးပြအခမ်းအနားဟာ တက်ရောက်လာတဲ့ ဧည့်သည် နိုင်ငံ့ခေါင်းဆောင်တွေကို ပြသဖို့သာမဟုတ်ဘဲ ကမ္ဘာ့နိုင်ငံအားလုံးကိုပါ ပြသဖို့အတွက် စီစဉ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘရာဇီး၊ အီဂျစ်နဲ့ ဗီယက်နမ် နိုင်ငံတွေက ခေါင်းဆောင်အပါအဝင် နိုင်ငံ့ခေါင်းဆောင်အများအပြား အဲဒီစစ်ရေးပြပွဲအတွက် ရောက်ရှိလာတာ ဟာ ရုရှားကို အထီးကျန်အောင် ပြုလုပ်ဖို့ အနောက်အုပ်စုရဲ့ အားထုတ်ကြိုးစားနေမှု မအောင်မြင်ဘူးဆိုတာကို ပြဖို့ ရုရှားရဲ့ အခွင့်အရေး တစ်ရပ်ဖြစ်လာတယ်လို Sky News ရဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ စစ်ရေးပြပွဲကိုတက်ရောက်ဖို့ လာရောက်တဲ့ ဆားဘီးယား သမ္မတ အလက်ဇန်းဒါး ဗူးဆစ်ရဲ့ လေယာဉ်ဟာ မော်စကို ရောက်ရှိဖို့ အချိန် ၁၀ နာရီ ယူခဲ့ရပြီး သူ့ရဲ့ လေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံမှာ ခရီးတစ်ထောက် ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။