စပိန်နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၉ ခုနှစ်ရဲ့ မူလရည်မှန်းထားတဲ့နေ့ မတိုင်မီ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘလက်စ်က ပြောကြားထားတာကို CNBC သတင်းမှာ ဖော်ပြပါတယ်။

စပိန်ဟာ NATO အဖွဲ့ဝင်တွေကြားမှာ စီးပွားရေး အရွယ်အစားအရ ကာကွယ်ရေးအသုံးစရိတ် အနည်းဆုံးရှိပြီး ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ၂ ရာခိုင်နှုန်းကို ရောက်ဖို့ တစ်နှစ်ကို ယူရို ၁၀ ဘီလီယံ (ဒေါ်လာ ၁၀ ဒသမ ၇၉ ဘီလီယံ)အထိ လိုအပ်မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်က NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေက စပိန်ဟာ အခုနွေရာသီမှာ NATO အဖွဲ့ရဲ့ ၂ ရာခိုင်နှုန်း ရည်မှန်းချက်ကို ပြည့်မီဖို့ မျှော်လင့်ထားတယ်လို့ ပိုလန်မြို့တော် ဝါဆောမှာ ပြောခဲ့ပါတယ်။အဲဒီအချိန်မှာ ရည်မှန်းချက်ကိုရောက်ဖို့ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ စပိန်အစိုးရက ရူတေကို ပြောခဲ့တယ်လို့ အစိုးရ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

“သတ်မှတ်ရက်က ပြဿနာ သိပ်မရှိပါဘူး၊ ဒါပေမဲ့ ၂၀၂၉ မတိုင်ခင်မှာ ကျနော်တို့ရဲ့ တာဝန် ဝတ္တရားတွေ ပြည့်မီ မယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲဒါကို လေးလေးနက်နက်နဲ့ တင်းတင်းကျပ်ကျပ် လုပ်နေပါတယ်”လို့ လစ္စဘွန်းမြို့မှာ ကျင်းပတဲ့ ပွဲတစ်ခုရဲ့ ဆက်စပ်အစည်းအဝေးမှာ ရိုဘလက်စ်က ပြောကြားခဲ့တာပါ။ကာကွယ်ရေး အားကောင်းလာစေဖို့ ဥရောပရဲ့ ကြိုးပမ်းချက်မှာ စပိန်ဟာ မဟာမိတ်အဖွဲ့ဘက်ကနေ ပါမယ်လို့ စပိန်ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က အာမခံထားပါတယ်။