နယူးဇီလန်နိုင်ငံဝန်ကြီးချုပ်က မေ ၆ ရက်မှာ အသက် ၁၆ နှစ်အောက် လူငယ်တွေ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို တားမြစ်ဖို့ အဆိုပြုခဲ့ပြီး ကြီးမားတဲ့ နည်းပညာပလက်ဖောင်းတွေရဲ့ဆိုးကျိုးတွေကနေ ကလေးတွေကို ကာကွယ်ဖို့ လိုအပ်ကြောင်း အထူးအလေးပေးဖော်ပြခဲ့တာကို CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်ဝန်းက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းတွေကလည်း ဆိုရှယ်မီဒီယာပေါ်မှာ အကြမ်းဖက်မှုတွေနဲ့ ထိတ်လန့်ဖွယ် အကြောင်းအရာတွေက ပိုမိုများပြားလာတဲ့အတွက် ကလေးတွေကို အွန်လိုင်းပေါ်မှာ ဘေးကင်း အောင် ထားနိုင်ဖို့အတွက် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Christopher Luxon က ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေဟာ အသက် ၁၆ နှစ် အထက် ဖြစ်ကြောင်းကို အတည်ပြုဖို့ မဖြစ်မနေလိုအပ်တဲ့ ဥပဒေကြမ်းကို ဖော်ထုတ်ခဲ့ပြီး ဥပဒေအတိုင်း မလိုက် နာရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ မီလီယံအထိ ဒဏ်ငွေချမှတ်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီတားမြစ်မှုက ဆိုရှယ်မီဒီယာကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ သြစတြေးလျနိုင်ငံမှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို နမူနာယူပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။အဲဒီဥပဒေကြမ်းကို ဘယ်အချိန်မှာ ပါလီမန်ထဲ တင်သွင်းမယ်ဆိုတာ မသေချာသေးပေမဲ့ ပါလီမန်အတွင်း ထောက် ခံမှု ရရှိနိုင်ဖို့ မျှော်လင့်ကြောင်း Luxon က ပြောကြားခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို နယူးဇီလန်ရဲ့ သုံးဖက်အုပ်ချုပ်မှု အစိုးရမှာ အကြီးဆုံးပါတီဖြစ်တဲ့ Luxon ရဲ့ အမျိုးသားပါတီက ရေးဆွဲထားတာဖြစ်ပါတယ်။