စကင်ဒီနေးဗီးယား ဒေသခွဲနဲ့ ဥရောပရဲ့အခြားဒေသတွေကြား သွားလာရ အချိန်ကုန် သက်သာပြီး ချိတ်ဆက်မှု တွေ တိုးတက်လာစေဖို့ ဒိန်းမတ်နဲ့ ဂျာမနီကြား ဘောလ်တစ်ပင်လယ်အောက်မှာ ဥမင်လိုဏ်ခေါင်းကြီး တည်ဆောက်နေတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

၁၈ ကီလိုမီတာ(၁၁ မိုင်) ရှိမယ့် ဖီးမန်းဘတ်ဥမင်ကို ကြိုတင်ဆောက်လုပ်ထားပြီး ပင်လယ်ကြမ်းပြင်ပေါ်မှာ အပိုင်းလိုက်နေရာချကာ တပ်ဆင်မှာဖြစ်ပါတယ်။ အဲဒီဥမင်က ကမ္ဘာပေါ်မှာ အရှည်ဆုံး ကားလမ်းနဲ့ ရထားလမ်းပါ ဥမင်အဖြစ် စံချိန်တင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။စီမံကိန်းရဲ့ ပင်မဆောက်လုပ်ရေးနေရာက ဥမင်ရဲ့ မြောက်ဘက်ဝင်ပေါက်ဖြစ်တဲ့ ဒိန်းမတ် အရှေ့တောင်ပိုင်း လိုလန်းဒ်ကျွန်းကမ်းခြေမှာ တည်ရှိပါတယ်။

ဒီစီမံကိန်းကြောင့် ဒိန်းမတ်ရဲ့ အဆင်းရဲဆုံးဒေသတစ်ခုဖြစ်တဲ့ လိုလန်းဒ်ကျွန်းမှာ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေ မြင့်တက်လာစေဖို့လည်း မျှော်မှန်းနေကြ ပါတယ်။ ဒီစီမံကိန်းဟာ ဥရောပသမဂ္ဂရဲ့ ဥရောပတိုက်မှာ သွားလာချိတ်ဆက်မှုကို ခိုင်မာစေပြီး ဝေဟင်ခရီးစဉ် တွေ လျော့ချဖို့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။