ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီမှာ မေလ ၉ ရက်က ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ်(၈၀)ပြည့် အခမ်းအနားကို တက်ရောက်လာကြတဲ့ ရုရှားရဲ့မဟာမိတ် နိုင်ငံအကြီးအကဲတွေရှေ့မှာ ရုရှားသမ္မတ ဗလာ ဒီမာပူတင်က ယူကရိန်းစစ်ပွဲဝင် ရုရှားစစ်သည်တွေကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထား ပါတယ်။

ဒီအခမ်းအနားကို တရုတ်သမ္မတရှီကျင့်ဖျင်အပါအဝင် ရုရှားမဟာမိတ်နိုင်ငံတွေက ခေါင်းဆောင်အယောက် ၂၀ ကျော် တက်ရောက်ခဲ့ကြပြီး ယူကရိန်းစစ်ပွဲအတွေ့အကြုံရှိတဲ့ ရုရှားစစ်သား ၁၅၀၀ နီးပါးအပါအဝင် စုစုပေါင်း စစ်သား ၁၁၀၀၀ နဲ့အတူ တင့်ကားတွေ၊ ဒရုန်းတွေ ပါဝင်တဲ့စစ်ချီတန်းကြီးကို သမ္မတပူတင်နဲ့ရှီကျင့်ဖျင်တို့ အတူထိုင်ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက်က နာဇီဝါဒကိုအနိုင်ယူခဲ့သလို ယူကရိန်းစစ်ပွဲလည်း အောင်နိုင်ရမှာဖြစ်ကြောင်းနဲ့ အထူးစစ်ဆင်ရေးတွေမှာပါဝင်ခဲ့သူတွေအားလုံးကို ရုရှားနိုင်ငံနဲ့ပြည်သူတစ်ရပ်လုံးက ထောက်ခံကြောင်း သမ္မတ ပူတင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် စစ်ချီပွဲအခမ်းအနားမှာ စစ်တပ်သုံးဒရုန်းတွေကို ပထမဆုံးအနေနဲ့ပြသခဲ့သလို တင့်ကားအရေအတွက် လည်း အရင်နှစ်တွေကထက် ပိုများလာပါတယ်။ အခမ်းအနားကာလအတွင်း မော်စကိုမြို့ကို လုံခြုံရေး တင်းကျပ် ထားပြီး ရှော့ပင်းမောတွေအပေါ်မှာ စနိုက်ပါတွေ နေရာယူထားသလို မိုဘိုင်းအင်တာနက် ပိတ်ထားတာမျိုး တွေလည်း ရှိတယ်လို့ အတွင်းသတင်းတွေအရ သိရတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။