ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အခုသီတင်းပတ်အတွင်း အစ္စတန်ဘူလ်မှာ ပြုလုပ်မယ့် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း မေလ ၁၄ ရက်က ပြောကြားလာတာကို Investing.com မှာ ရေးသားပါရှိပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း လူအသေအပျောက်အများဆုံး ပဋိပက္ခအဖြစ် သုံးနှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲအရေး အစ္စတန်ဘူလ်မှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ ရုရှားသမ္မတပူတင် တက်ရောက်မလား ဆိုတာကတော့ ကရင်မလင်နန်းတော်က ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။စီစဉ်ထားတဲ့ ဆွေးနွေးပွဲက အမေရိကန်သမ္မတထရမ့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ် အဓိက အာရုံ စိုက်မှု ဖြစ်လာပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီရိုကို စေလွှတ်ကာ တက်ရောက်စေဖို့လည်း ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

စစ်ပွဲအဆုံးသတ်ရေးအတွက် ခြွင်းချက်မရှိ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို စေ့စပ်ညှိနှိုင်းလိုကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့ပြီး “ ရုရှားမှာရှိတဲ့ အရာအားလုံးဟာ ပူတင်အပေါ်မှာပဲ မူတည်တယ်” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတွေ မကျင်းပရင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ မျှော်လင့်ထယ်လို့လည်း ဇယ်လန်းစကီးက ပြောကြားခဲ့ပါတယ်။