ရုရှားနိုင်ငံ အနောက်ဘက် ကာ့စ်ဒေသကို ယူကရိန်းတပ်ဖွဲ့ဝင်တွေ လအတန်ကြာ ကျူးကျော်ဝင်ရောက်ခဲ့ပြီး နောက် ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့မြောက်ပိုင်းရှိ ဆူမီဒေသကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတယ်လို့ ယူကရိန်း သမ္မတက ပြောကြားလာတာကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ဆူမီဒေသကို ဧပြီလကတည်းက သိမ်းပိုက်ဖို့ တဖြည်းဖြည်း ချဉ်းကပ်လှုပ်ရှားလာခဲ့တယ်လို့ ဇယ်လန်းစကီးက ပြောပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ လပေါင်းများစွာကြာအောင် လေကြောင်းတိုက်ခိုက်တာ တွေ ပြင်းပြင်းထန်ထန် ပြုုလုပ်ကာ ယူကရိန်းဒေသတွင်းက ကျေးရွာတွေကို ဆက်တိုက် သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ယူကရိန်း အရှေ့မြောက်ပိုင်းက ဆူမီဒေသကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ အရိပ်လက္ခဏာတွေ ထပ်မြင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆူမီဒေသမှာ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ လက်နက်ကိရိယာတွေ အများ အပြား စုဆောင်းရရှိခဲ့တယ်လို့ ယူကရိန်း သမ္မတအကြံပေးက ပြောကြားထားပါတယ်။ယူကရိန်းသမ္မတက ဆူမီဒေသကို ရုရှားတပ်ဖွဲ့ဝင်တွေ တဖြည်းဖြည်း ကျူးကျော်ဝင်ရောက်နေတာနဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော် ပြောကြားထားတာ မရှိသေးပါဘူး။