အမေရိကန်ကနေ စစ်လက်နက်တွေ ပြန်လည်ပေးပို့နေပြီဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောကြားခဲ့ပါတယ်။ ယူကရိန်းကို စစ်လက်နက်တချို့ ပေးပို့မှု ဆိုင်းငံ့ထားကြောင်း အိမ်ဖြူတော်က ကြေညာပြီး ရက်ပိုင်းအကြာမှာ အဲဒီအခြေအနေကနေ အပြောင်းအလဲ ပြန်ဖြစ်လာတယ်ဆိုတာကို ဇယ်လန်စကီးက အတည် ပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ အစိုးရနဲ့ NATO စစ်မဟာမိတ်အဖွဲ့ တို့ဟာ ယူကရိန်းဆီ လက်နက် တင်ပို့ရေးနဲ့ ပတ်သက်လို့ သဘောတူညီမှု အသစ်တစ်ခု ရရှိခဲ့တယ်လို့ NBC နဲ့ အင်တာဗျူးမှာ ထုတ်ပြောခဲ့ပါတယ်။ထရမ့်ရဲ့ အဆိုအရ အမေရိကန်ဆီက စစ်လက်နက်တွေကို NATO က လက်လွှဲဝယ်ယူပြီး ယူကရိန်းဆီ ခွဲဝေ ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ လက်နက်တွေ ပို့ဆောင်မှုကို ဆိုင်းငံ့ထားတဲ့ ကာလအတောအတွင်း ဇယ်လန် စကီးက အမေရိကန်ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းအတွက် အခက်အခဲ တွေ ကြုံလာစေနိုင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဇူလိုင် ၁၁ ရက်မှာတော့ ဇယ်လန်စကီးက အမေရိကန်ဟာ ယူကရိန်းဆီ ရောက်လာမယ့် စစ်လက်နက်တွေကို ပုံမှန်ပြန်လည် ပို့ဆောင်နေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဇယ်လန်စကီးဟာ အမေရိကန်လုပ် Patriot လေကြောင်း ကာကွယ်ရေးစနစ် ၁၀ ခု ဖြည့်တင်းပေးဖို့လည်း NATO ကို မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ ဂျာမနီနဲ့ စပိန်တို့လို နိုင်ငံတွေဟာ သူတို့ပိုင်ဆိုင်ထားတဲ့ Patriot စနစ်တွေကို ယူကရိန်းဆီ လွှဲပေးဖို့ တိုက်တွန်းထားပြီး သူတို့ကသာ လွှဲပြောင်းပေးမယ်ဆိုရင် ယူကရိန်းမှာ ခပ်မြန်မြန် စတင်ဖြန့်ကြက် အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။