ရုရှားနဲ့ တရုတ်တို့လို နျူကလီးယား အင်အားကြီးနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်မှာ ဗြိတိန်ဟာလည်း စစ်ပွဲအတွက် အသင့်ဖြစ်လာစေဖို့ ပေါင်ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ခြိမ်းခြောက်မှုခေတ်သစ်ကို ရင်ဆိုင်ဖို့အတွက် ဗြိတိန်စစ်တပ်ဟာ ၁၀ ဆ ပိုမို ခြိမ်းခြောက်နိုင်စွမ်းရှိဖို့ လိုအပ်တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီက ဇွန်လ ၂ ရက်မှာကျင်းပတဲ့ လွှတ်တော်အစည်းအဝေးအတွင်း ပြောကြားခဲ့ပါတယ်။ဗြိတိန်ဟာ ဇွန်လ ၂ ရက်မှာ ကာကွယ်ရေး မဟာဗျူဟာသုံးသပ်ချက် (SDR) ကို ထုတ်ပြန်ခဲ့ပြီး ဒီအစီအမံဟာ ဗြိတိန်ရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်အရ ဗြိတိန်ဟာ နျူကလီးယားထိပ်ဖူးသစ်တွေအတွက် ပေါင် ၁၅ ဘီလီယံ သုံးစွဲသွားဖို့ရှိပြီး ခဲယမ်း ထုတ်လုပ်မဲ့ စက်ရုံသစ် ၆ ခုအထိ တည်ဆောက်ဖို့ ရှိပါတယ်။ဒါ့အပြင် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးနည်းပညာတွေ အဆင့်မြှင့်ဖို့၊ စစ်ဘက်ဝန်ထမ်းအိမ်ရာတွေ ပြုပြင်ဖို့လည်း ပေါင်ဘီလီယံနဲ့ချီ သုံးစွဲဖို့ ရှိနေပါတယ်။ဗြိတိန်ဟာ လာမဲ့ ၂၀၃၄ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့ ၃ ရာခိုင်နှုန်းအထိ သုံးစွဲဖို ဆောင်ရွက်နေတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။